ရန်ကုန်တက္ကသိုလ်ကျောင်းသူ မသဉ္ဇာထက်မိုး ထောင် ၃ နှစ် ချမှတ်ခံရ

2022.04.05
ရန်ကုန်တက္ကသိုလ်ကျောင်းသူ မသဉ္ဇာထက်မိုး ထောင် ၃ နှစ် ချမှတ်ခံရ ရန်ကုန်တက္ကသိုလ်ကျောင်းသူ မသဉ္ဇာထက်မိုး အား တွေ့ရစဉ်
Photo: CJ

ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံကျောင်းသူ မသဉ္ဇာထက်မိုးဟာ ပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီကနေ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဧပြီလ ၄ ရက် မနေ့က ထုတ်ပြန်လိုက် ပါတယ်။

မသဉ္ဇာထက်မိုးဟာ ရန်ကုန် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပြီး စစ်ကောင်စီကို ဆန္ဒပြတာဟာ ရာဇဝတ်မှု မမြောက်ဘူးလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က RFA ကို ပြောပါတယ်။

"ဒီလူငယ်တွေဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။ လွတ်လပ်မှုကို မြတ်နိုးသူတွေ၊ မတရားဖိနှိပ်မှုကို ဆန့်ကျင်သူတွေသာ ဖြစ်တယ်။ ကျောင်းသူ၊ ကျောင်းသားတွေကို မတရားဖမ်းဆီး ထောင်ချတယ်ဆိုတာ တိုင်းပြည်အနာဂတ်ကို အညွန့်ချိုးနေတာပဲ ဖြစ်တယ်"

မသဉ္ဇာထက်မိုးဟာ နိုင်ငံရေးသိပ္ပံ ဒုတိယ အပတ်စဉ် ကျောင်းသူတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ဧပြီလက ရန်ကုန်-ပဲခူး လမ်းမပေါ်မှာ အဖမ်းခံခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရန်ကုန်တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၃၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး၊ အယောက် ၂၀ ကျော်ကို အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်။

ဒဂုံတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး အဖမ်းခံခဲ့ရပြီး သူတို့ အထဲက ခုနစ်ဦးဟာ ထောင်ဒဏ် ၁၀ နှစ်၊ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ် စတဲ့ ပြင်းထန်တဲ့ စီရင်ချက်အမိန့်တွေ ချမှတ်ခံထားရတယ်လို့လည်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကိုမင်းဟန်ထက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။