ထောင်ဒဏ်ချခံထားရတဲ့ ကျောင်းသားခေါင်းဆောင်ကို အကြမ်းဖက်မှုနဲ့ ထပ်မံတရားစွဲ
2023.09.17

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည နဲ့ ထပ်မံ တရားစွဲလိုက်တယ်လို့ အဲဒီသမဂ္ဂအဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
မဆုရည်လင်းဟာ ၂၀၂၂ ခုနှစ် မတ်လက ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရတာပါ။
အခုနှစ် စက်တင်ဘာလအတွင်းမှာ အကြမ်းဖက်မှုနဲ့ ထပ်မံစွဲဆိုလိုက်တာလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"အရှေ့ပိုင်းခရိုင် တရားရုံးမှာ မဆုရည်လင်းကို အကြမ်းဖက်မှုနဲ့ အခုလ ၈ ရက်နေ့နဲ့ ၁၄ ရက်နေ့က ရုံးထုတ်စစ်ဆေးသွားတာကို အတည်ပြုလို့ရပါတယ်"
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို တတိယနှစ် အဝေးသင် တတ်ရောက်နေတဲ့ အသက် ၂၀ ကျော်အရွယ် မဆုရည်လင်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရဲ့ ဆန္ဒပြပွဲတစ်ခုကို သွားဖို့ပြင်ဆင်နေရင်း ဖမ်းဆီးခံလိုက် ရတာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉၄၆၅ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက ၇၃၂၃ ဦးကို ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။