ဖမ်းဆီးခံ ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ထောင် ဆယ်နှစ်ချမှတ်ခံရ

RFA Burmese
2023.06.30
ဖမ်းဆီးခံ ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ထောင် ဆယ်နှစ်ချမှတ်ခံရ ထောင်ဒဏ်ချမှတ်ခံရသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ဇွန် ၃၀ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်ပါတယ်။

ကိုထက်ပိုင်စိုးဟာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုခံရပြီး အရပ်ဘက်တရားရုံးကနေ ချမှတ်တဲ့ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရတာလို့လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ကိုထက်ပိုင်စိုးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်က သင်္ကန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ည နဲ့ တရားစွဲဆိုခဲ့တာပါ။

အမှုရင်ဆိုင်နေချိန်မှာလည်း ဖိနှိပ်ခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုထက်ပိုင်စိုးဟာ စာရင်းအင်းပညာသင်နေတဲ့ တတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

ဇွန်လ ၂၇ရက်နေ့ကလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသူ မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ (က) နဲ့ ထောင် လေးနှစ် ထပ်မံချမှတ်လိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ခုနစ်နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၃ဝ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးကတည်းက လူပေါင်း (၂၃၆၅၁) ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲက ၁၉၂၉၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၆၆၂၁ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။