တောင်ကြီးမှာ ကျောင်းကားမှောက်ပြီး လူ ၂၀ ဒဏ်ရာရ
2023.08.15

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၈) နဲ့ (၉) ကြား ရပ်တော်မူအဆင်းလမ်းမှာ ဩဂုတ်လ ၁၄ ရက်၊ မနက် ၈ နာရီဝန်းကျင်က ကျောင်းသားတွေကိုလိုက်ပို့တဲ့ကားတစ်စီး တိမ်းမှောက်ခဲ့လို့ ကျောင်းဆရာတစ်ဦး အပါအဝင် ကျောင်းသူ၊ ကျောင်းသား ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ကျောင်းသူတစ်ဦးနဲ့ ကားကို ကိုယ်တိုင်မောင်းပို့ခဲ့တဲ့ ကျောင်းဆရာကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကူညီပေးခဲ့သူတစ်ဦးက RFA ကိုပြောပါတယ်။
"ကြီးကြီးမားမားထိတာကတော့ နှစ်ယောက်ပေါ့။ ကျောင်းသူတစ်ဦးနဲ့ ကားမောင်းပို့တဲ့ သူတို့ရဲ့ဆရာပေါ့။ ဆရာကတော့ ခေါင်းထိခိုက်သွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ကျောင်းသူကတော့ အကြောက်လွန်သွားတဲ့သဘောပေါ့"
ကျောင်းသူ၊ ကျောင်းသားတွေဟာ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၉) ရေထွက်ဦးလမ်း ဘော်ဒါဆောင်က ဖြစ်ပါတယ်။ မနက်ပိုင်း ရေအေးကွင်းရပ်ကွက် အ.ထ.က (၁၀) အထက်တန်းကျောင်းကို သွားချိန်မှာ ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်ခဲ့တာပါ။
တိမ်းမှောက်ခဲ့တဲ့ကားပေါ်မှာ Grade 6 ကနေ Grade 12 ထိ ကျောင်းသား ၁၆ ဦး၊ ကျောင်းသူ ၁၃ ဦး၊ စုစုပေါင်း ၂၉ ဦး လိုက်ပါလာခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မနေ့က ယာဉ်တိမ်းမှောက်မှုဖြစ်ဖြစ်ချင်းမှာပဲ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။