သေဒဏ်ချခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦး ထောင်ဒဏ်တစ်သက်ပြောင်း
2023.08.07
ဒဂုံတက္ကသိုလ် ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဇော်လင်းနိုင်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို ဩဂုတ်လ ၁ ရက်နေ့က သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီကျောင်းသားတွေဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂ လူသတ်မှုနဲ့စွပ်စွဲပြီး သေဒဏ်ချမှတ် ခံထားကြရသူတွေ ဖြစ်ပါတယ်။
သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်လိုက်တာ မှန်ကန်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
"ဟုတ်ပါတယ်၊ မှန်ပါတယ်။ ကျွန်တော်တို့လည်း ဩဂုတ် ၆ ရက်နေ့မှသိတာ။ ဩဂုတ် ၁ ရက်နေ့မှာ အင်းစိန် ထောင်တွင်းကနေ သေဒဏ်ချမှခံထားရတဲ့သူတွေကို ထောင်ဒဏ် တစ်သက်ပြောင်းလဲပြီး ထောင်ပြောင်းကြတယ်။ သူတို့ ခုနစ်ယောက်စလုံးကတော့ သာယာဝတီထောင်ကို ရွှေ့ပြောင်းရတယ်။ သေဒဏ်ကနေ လွတ်လာလို့ စိုးရိမ်စရာ အခြေအနေကျော်လာပေမယ့် ဒီလိုလွှတ်ပေးလိုက်လို့ စစ်ကောင်စီကို ကျေးဇူး တင်စရာတော့ ဘာအကြောင်းမှ မရှိပါဘူး"
အဲဒီကျောင်းသားတွေဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တောင်ဒဂုံမြို့နယ် (ဘဏ်ခွဲ) ကမ္ဘာ့ရတနာဘဏ် မန်နေဂျာကို သတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး တရားစွဲဆိုခံခဲ့ရတာပါ။
အသက် ၁၈ နှစ်ကနေ ၂၀ အတွင်းရှိတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် လက်မခံသလို ကန့်ကွက်ကြောင်း နိုင်ငံတစ်ဝန်းက ကျောင်းသားသမဂ္ဂ (၂၂၃) ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ စာရင်းအရ နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၂၄,၂၁၂ ဦး ဖမ်းဆီးခံထားရပြီး၊ ၇,၀၀၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။