ရွေးကောက်ပွဲလွန်ကာလ လုံခြုံရေး ရန်ကုန်မှာ ရဲအင်အား ၆၀၀၀ ကျော်ချထား
2016.02.23

ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတော်သမ္မတ အမည်စာရင်းကြေညာတဲ့အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးကို စီမံချက်ကာလအနေနဲ့ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။
စီမံချက်ကာလမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၆ ထောင်ကျော်နဲ့ လုံခြုံရေးတာဝန်ယူ ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။
"သမ္မတစာရင်းကြေညာပြီးတဲ့ထိ ရွေးကောက်ပွဲကာလလွန် လုံခြုံရေးဆိုပြီးတော့ စီမံချက်ထဲမှာ ပါတဲ့တိုင်းဆောင်ရွက်နေပါတယ်၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အင်အား ၆ ထောင်ကျော်ရယ်၊ လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ကို နေ့ရော၊ ညရော၊ ကျနော်တို့ လှည့်နေတာရှိတယ်၊ ၂၀၁၅ ခုမှာတော့ လူသတ်မှုဆိုရင် ၁၉၁ မှုရှိပါတယ်၊ ၁၉၁ မှုမှာ ၉၀ ရာခိုင်နှုန်းဖော်ထုတ်ဖမ်းဆီးပြီး ဖြစ်ပါတယ်၊ ကျန်တာတွေကတော့ ဖော်ထုတ်ဆဲဖြစ်ပါတယ်၊ တချို့အမှုတွေကလည်း အချိန်တိုလေးနဲ့ မိတဲ့အမှုရှိသလို၊ တရားခံတွေက သပ်သပ်ရပ်ရပ်နဲ့ သက်သေမရှိအောင် လုပ်သွားနိုင်တာတွေကျတော့ နည်းနည်းလေးအချိန်ယူပြီးတော့ ဖော်ထုတ်ဖမ်းဆီးရတဲ့ အမှုမျိုးတွေ လည်းရှိပါတယ်"
လာမယ့် မတ်လကုန် အစိုးရသစ်တက်လာမယ့်အချိန်မှာဆိုရင် အစိုးရသစ်ရဲ့ လုံခြုံရေး ဆိုင်ရာ မူဝါဒအသစ်တွေချမှတ်လာရင် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ် လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာတွေ ကိုလည်း မူးယစ်အထူးတပ်ဖွဲ့နဲ့ အသေးစိတ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း လူသတ်မှုပေါင်း ၁၉၁ မှုရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော် ဖော်ထုတ် ဖမ်းဆီးရမိခဲ့သလို ကျန်နေသေးတဲ့ တရားခံတွေ ကို ဖော်ထုတ်နေဆဲဖြစ် တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။