ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်တင်ဒါ ခေါ်ယူပြီ
2014.08.28
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်တင်ဒါတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေက ဝေဖန်သုံးသပ်ရေးသားခဲ့ကြပြီး၊ အင်တာနက် လူမှုကွန်ယက်တွေမှာ လည်း ပြစ်တင်ရှုတ်ချမှုတွေ တခဲနက်ပေါ်ပေါက်လာချိန်မှာ အခုလိုတရားဝင် တင်ဒါခေါ်ယူတဲ့ ကြေညာချက် ပေါ် ထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ကကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မြို့တော်ဝန် ဦးလှမြင့်က သဝဏ်လွှာဖတ်ကြားရာမှာ ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ပိုင်ခွင့်ကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို ပေး ခဲ့ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ပြဿနာတွေ မပေါ်ပေါက်စေဖို့ သိုသိုသိပ်သိပ် ဆောင်ရွက် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ၂၇ ရက်နေ့ အစည်းအဝေးမှာ တင်ဒါခေါ်ပေးဖို့ တင်ပြခဲ့တယ်လို့ပြောပါတယ်။
"ဒီစတုတ္ထနေ့ အစီအစဉ်မှာ ကျွန်မထပ်ပြောတယ်၊ ဒီကိစ္စကိုပြန်ပြီးတော့စဉ်းစားဖို့ တင်ဒါပြန် ပြီးတော့ခေါ်ဖို့ပေါ့နော် စတုတ္ထနေ့အစည်းဝေးမှာက ကျွန်မကဘာကို ဥပမာပေးပြီးပြောလည်းဆိုတော့ ကျွန်မတို့ အားကစားကွင်းကိစ္စတွေ ပြောရင်းကနေ သိမ်ဖြူကွင်းမှာတုန်းက တင်ဒါကုမ္ပဏီ ၃၁ ခုခေါ်ပြီးတော့ အဲ့ဒီထဲကတစ်ခုကို ရွှေးပြီးတော့ပေးခဲ့တယ်၊ အဲ့ဒီလိုမျိုး ဒီမြို့သစ်စီမံကိန်းကို လုပ်ရင်တော့ကောင်းမယ်ဆိုပြီးတော့ ကျွန်မပြောတယ်လေ"
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက စုံစမ်းမှုတွေပြုလုပ်ခဲ့ကြသလို စီမံကိန်း နဲ့ပတ်သက်ပြီး ရှုထောင့်မျိုးစုံကနေ ဆက်တိုက်ဖေါ်ပြခဲ့ကြပါတယ်။ ပွင့်လင်းမြင်သာမူရှိရှိ ဆောင်ရွက် ဖို့ ဝေဖန် တဲ့ဆောင်းပါးတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။