ရန်ကုန်-ဒလ ရေယာဉ်ဗုံးဖောက်ခွဲမှု ကျူးလွန်သူတွေ ဖော်ထုတ်မယ်လို့ NUG ကြေညာ
2022.12.20

ခရီးသွားပြည်သူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရန်ကုန်-ဒလ ခရီးသည်တင်ရေယာဉ် ဗုံးပေါက်ကွဲမှုမှာ အမှန်တကယ် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ ပြည်သူလူထုနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာ ၂ဝရက်နေ့က ကြေညာလိုက်ပါတယ်။
ဒါ့အပြင် အဲဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ NUG နဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။ NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်တွေကို ချမှတ်ထားပြီးဖြစ်သလို စစ်ရေးပစ်မှတ် သတ်မှတ်ချက်တွေထဲမှာလည်း အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ်ထားတိုက်ခိုက်တာတွေ မလုပ်ဖို့ တရားဝင်ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေကို ထိခိုက်စေနိုင်မယ့် အခြေအနေရှိနေရင် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်မယ့် လုပ်ငန်းတွေကိုတောင် ပယ်ဖျက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယာဉ်ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသွားပြည်သူ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၄၀ ကျော်ကြား အရွယ်တွေဖြစ်ပြီး အမျိုးသား ၁၅ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။
စစ်ကောင်စီကတော့ အဲဒီဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်တာလို့ ဒီဇင်ဘာ ၁၉ရက်နေ့က သတင်း ထုတ်ပြန်ပြီး စွပ်စွဲထားပေမယ့် PDF တွေဘက်က ငြင်းဆိုထားသလို စစ်ကောင်စီက PDF အယောင်ဆောင်လုပ်ဆောင်ခဲ့တာလို့ ပြန်လည်စွပ်စွဲထားပါတယ်။
NUG ကလည်း ပြည်သူလူထုကြား အကြောက်တရားနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်အောင် စစ်ကောင်စီက အဆက်မပြတ် လုပ်ဆောင်ခဲ့တဲ့ သာဓကတွေရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်ဖို့လည်း ဝန်လေးမှာမဟုတ်တဲ့အတွက် အခုလိုဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ရှောင်ရှားနိုင်အောင် သတိမပြတ်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။