မြန်မာ့ပြည်တွင်းစစ် ဘာကြောင့် "သက်ဆိုး" ရှည်နေရတာလဲ

ခက်မာ
2019.11.29
govt-army-622.jpg အစိုးရတပ်မတော်သားတချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က ဂုတ်တွင်းတံတားမှာ တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတာပါ။ နောက်နှစ်ဆိုရင် မြန်မာ့ပြည်တွင်းစစ် သက်တမ်း ၇၂နှစ် ပြည့်ပါတော့မယ်။


နောက်ထပ် ဘယ်လောက်ကြာအောင် ဆက်ဖြစ်နေဦးမယ်ဆိုတာကလည်း ခန့်မှန်းရခက်နေပါတယ်။ ဘာကြောင့်များ မြန်မာ့ပြည်တွင်းစစ် ဒီလောက်တောင် "သက်ဆိုး" ရှည်နေရတာပါလဲ။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး လပိုင်းအကြာမှာပဲ ပြည်တွင်းစစ်က စခဲ့တာကြောင့်  မြန်မာ့ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးနဲ့ ဖွားဘက်တော်လို့ ပြောလေ့ရှိကြပါတယ်။

ကမ္ဘာမှာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်တွေ တော်တော်များများ အဆုံးသတ်ခဲ့ကြပြီဆိုပေမယ့် နှစ်ပေါင်း ၇ဝ ကျော်လောင်နေတဲ့ မြန်မာ့ပြည်တွင်းစစ်ကတော့ အခုချိန်ထိ အရှိန်အဟုန်နဲ့ လောင်နေတုန်းပါ။

အဲဒီလို ပြည်တွင်းစစ်သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတစ်ခုကို နိုင်ငံရေး သုံးသပ်သူ ဦးသန်းစိုးနိုင် က ခုလို ပြောပြပါတယ်။
စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်
“တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးက သမိုင်းရဲ့အချိုးအကွေ့မှာ နိုင်ငံတကာက ထောက်ပံ့တာ ကူညီတာတွေရတာ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေလုပ်တာ၊ သစ်တွေရောင်းတာ၊ စတဲ့အကြောင်းအမျိုးမျိုးနဲ့ သူတို့ကလည်း မြန်မာနိုင်ငံမှာက အရေးပါတဲ့ လက်နက်ကိုင် institutions တွေ ဖြစ်လာနေကြပြီ။ အဲလိုအခြေအနေအောက်မှာ သူတို့လိုချင်တာ ရလို့ရှိရင် ငြမ်းချမ်းရေးရလည်းကောင်းတယ်။ မရလည်း လက်ရှိ အနေအထားအောက်မှာ သူတို့အနေနဲ့က အတော်လေးကို သူတို့က တပ်မတော်အရာရှိတွေနဲ့ အပြိုင်ခံစားခွင့်တွေရှိနေကြတဲ့အတွက် အကျိုးစီးပွားဆိုင်ရာကိစ္စတွေအရ ပြည်တွင်းစစ်က ဆက်ပြီးတော့ သက်ဆိုးရှည်မယ့်သဘော”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်နဲ့ ပြည်တွင်းစစ်သက်တမ်းက မတိမ်းမယိမ်းပါ။ ဒေါ်အောင်ဆန်းစုကြည်က သူမျက်စိမမှိတ်ခင် ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ အမြစ်တွယ်တာကို မြင်သွားချင်တယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့ကပြုလုပ်တဲ့ တောင်ကြီးမြို့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ ပြည်တွင်းစစ် ဘာကြောင့်မချုပ်ငြိမ်းသေးတာလဲဆိုတာ အဖြေရှာဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။ အဲဒီမေးခွန်းအတွက် အဖြေကိုအတိအကျမပြောနိုင်ပေမယ့် ငြိမ်းချမ်းရေးမလိုချင်သူ လူတစ်စုရှိနေတယ်လို့ ခန့်မှန်းပြတာကတော့ သီပေါမဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း ပါ။ သီပေါမဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း

“စစ်ကိုငြိမ်းချမ်းချင်တဲ့သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက အောက်ခြေတပ်သားတွေပါ၊ အစိုးရတပ် တပ်မတော် က အောက်ခြေတပ်သားတွေပါလို့ ပြောမယ်ဆိုရင်တော့ မှန်တယ်။ သို့သော် လုပ်ပိုင်ခွင့် အာဏာကိုင်ထားတဲ့ တပ်မှူးတွေထဲမှာတော့ တကယ် ငြိမ်းချမ်းချင်တာလားဆိုတာတော့ မေးခွန်းရှိတယ်။ ကျနော်တော့ သိပ်ပြီးတော့ မယုံဘူး။ အကျိုးစီးပွား တိုက်ရိုက်ခံစား ရတာက သူတို့အထက်ပိုင်းကလူတွေက ခံစားရတာကိုး”

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော် ကလည်း ပြည်တွင်းစစ်ကို အရှိန်ပြင်းစေတဲ့အကြောင်းရင်းတွေကို ခုလို ပြောပြပါတယ်။

“ပဋိပက္ခတွေဖြစ်ရတဲ့ အကြောင်းရင်းအတော်များများက အကျိုးစီးပွားချင်းဖြစ်တာပဲ။ အဲတော့ ပြည်တွင်းစစ်ဖြစ်တဲ့အတွက် လက်နက်နဲ့ ဆက်စပ်ပတ်သက်တဲ့ဟာတွေ၊ ရောင်းဝယ်မှုတွေ၊ နောက်တစ်ခုက အဲဒီနယ်မြေတွေမှာ ဥပဒေလစ်ဟာသွားတဲ့အတွက် ဥပဒေနဲ့ဆန့်ကျင်တာတွေ အများကြီးဖြစ်တဲ့အတွက် အဲဒီဟာတွေကနေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အကျိုးအမြတ်ရှိတာတွေ ရှိတဲ့အတွက် ပြည်တွင်းစစ်ကို အရှိန်ပြင်းစေတဲ့အထဲမှာတော့ ဒါတွေပါပါတယ်”

စစ်ပွဲတွေ၊ ပဋိပက္ခတွေဆိုတာ ကိုယ်ကျိုးစီးပွားကို အခြေခံပြီးပေါ်ပေါက်ရတာလို့ ဆိုကြပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားဖြစ်တာမို့ တပ်မတော်ဘက်က ဘယ်လိုအကျိုးအမြတ်တွေရနေလဲဆိုတာ စပြီးကြည့်ရအောင်ပါ။

ဦးသန်းစိုးနိုင် ကတော့ ယျေဘုယျမြင်သာတဲ့အချက်တွေကိုပဲ ထောက်ပြပါတယ်။

“တပ်မတော်ရဲ့ စစ်ရေးအင်အားပိုပြီးတော့ ကြီးထွားလာတာပေါ့။ အရင် ဦးနေဝင်း လက်ထက်က တစ်သိန်းကျော်လောက်ရှိတဲ့တပ်က အခု ငါးသိန်းလောက် မြှင့်တင်ထားတယ်ပေါ့။  နောက်တစ်ခုက နိုင်ငံတော်ဘတ်ဂျက်ရဲ့ အများပိုင်းကို တပ်မတော်ကို ပံ့ပိုးနေရတယ်။ အဲဒါတွေတင်မကဘူး တပ်မတော်က ဈေးကွက်စီးပွားရေးရဲ့ အရေးအကြီးဆုံးနဲ့ အကျိုးအမြတ်များဆုံး လုပ်ငန်းတွေကို ဦးပိုင်နဲ့ စီးပွားရေးကော်ပိုရေးရှင်းက ရယူထားတယ်။ သေချာတာကတော့ တိုင်းပြည်ရဲ့သယံဇာတနဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ တပ်မတော် လက်ထဲမှာရှိတယ်။ ဒါတွေကတော့ တပ်မတော်အနေနဲ့ ပြည်တွင်းစစ်ကိုအကြာင်းပြုပြီးတော့ အင်အားကြီးထွားလာတ၊ အာဏာသိမ်းတဲ့အဆင့်အထိ ရောက်လာတာ”

တပ်မတော်သားဟောင်းတစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူး ဝင်းနိုင်ကျော် ကတော့ ဒီအဆိုတွေကို သဘောမတူပါဘူး။တပ်မတော်သားဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော်

“ကျနော်တို့ တပ်မတော်က လုံခြုံရေးနဲ့ကာကွယ်ရေးတာဝန်တွေ ကို ထမ်းဆောင်တယ်၊ အခုလက်ရှိအနေအထားမှာလည်း ၂၀၀၈ အခြခံဥပဒေက ပေးထားတဲ့တာဝန်တွေ ကို ထမ်းဆောင်တယ်။  ဒီအပေါ်မှာ တပ်မတော် အဝန်းအဝိုင်းကသော်လည်းကောင်း၊ တာဝန်ရှိသူတွေကသော်လည်းကောင်း၊ တစ်ခုခုကို အကျိုးအမြတ် ယူရမယ်၊ ရရမယ်ဆိုတာ မရှိပါဘူး။သို့သော် ကျနော် အလေး အနက်ထား ပြောချင်တာက ဒီဟာတွေနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့က သုတေသန တိတိကျကျတော့လိုတယ်။ ဒါမှပဲ ပြောလို့ရမှာပါ”

ပြည်တွင်းစစ်ရှိနေတာကြောင့် တိုင်းရင်းသားတွေက သူတို့ရဲ့ Identity လို့ခေါ်တဲ့ သူတို့ဟာဘာလဲ၊ ဗမာနဲ့ ဘယ်လိုကွဲသလဲ၊ ဘာကြောင့်ကွဲသလဲဆိုတဲ့ ထင်ရှားတဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ပိုပြီးပေါ်လွင်စေတယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။

ဦးသန်းစိုးနိုင် မှာလည်း အဲဒီအမြင်ရှိပါတယ်။

“ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေထဲက ဥပမာ ဝ တို့၊ ကချင် တို့၊ ရှမ်း RCSS တို့၊ ဆိုလို့ရှိရင် နိုင်ငံရေးအရ အတော်လေးအရေးပါတဲ့ နေရာတွေဖြစ်လာတယ်။ ပြည်တွင်းငြိမ်းချမ်းရေးမှာ သူတို့နဲ့ ဆက်နွယ်ညှိနှိုင်းနေရတယ်။ တဖြည်းဖြည်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေရဲ့ အင်အားအရ၊ တည်ဆောက်မှုအရ၊ စစ်လက်နက်တပ်ဆင်မှုအရတွေလည်း ကြီးထွားနေတာပဲ။ အဲတော့ သူတို့ရဲ့ Identity ကိုမြှင့်တင်တဲ့နေရာမှာ ဒီလိုလှုပ်ရှားမှုတွေရှိနေတာက အကျိုးရှိတဲ့သဘောရှိတယ်။ အခုနောက်ပိုင်းဆို AA က အဲအနေအထားတွေရအောင် အချိန်တိုတွင်း ကြိုးပန်းနေတဲ့အတွက် ရခိုင်ပြည်မြောက်ပိုင်းမှာဆို တိုက်ပွဲတွေ အပြင်းအထန် နေ့တိုင်းဖြစ်နေတယ်”

ဖဆပလအစိုးရ၊ စစ်အစိုးရအဆက်ဆက်နဲ့ NLD အရပ်သားအစိုးရလက်ထက်ထိ မနားတမ်းဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ဘယ်အချိန်ကျမှ ချုပ်ငြိမ်းမလဲ၊ ဘယ်လိုချုပ်ငြိမ်းမလဲဆိုတာ ခန့်မှန်းရခက်နေတဲ့ ကိစ္စပါ။

အကယ်၍များ နောက် ငါးနှစ်အတွင်း ငြိမ်းချမ်းရေးမရခဲ့ရင် ဘာတွေဖြစ်နိုင်ပါမလဲ။ ဦးရဲထွန်း ကတော့

“အဆိုးဆုံးဖြစ်လာနိုင်တာကတော့ တပ်မတော်က ရခိုင်တို့ဘာတို့ဘက်မှာ အတိုက်အခိုက်ခံနေရတယ်။ ကျနော်တို့နိုင်ငံကလည်း ဆက်သွယ်ရေး ကရိယာတွေကလည်း အရမ်းကောင်းလာတဲ့အခါကျတော့ တပ်ရဲ့ စစ်ချီစစ်တက်လှုပ်ရှားမှုတွေမှာပါ ထိခိုက်လာတဲ့သဘောရှိတယ်။ ဥပမာ- သတင်းပေါက်တာပေါ့။ ဒီထက်ပိုပြီးတော့ တခြားနေရာတွေမှာပါ တပ်ကပိုပြီးအတိုက်ခံလာရတယ်၊ အသေအပျောက် အကျအဆုံးတွေ များလာတယ်ဆိုရင် သူက နိုင်ငံတော်အာဏာကို ပြန်သိမ်းလိုက်တာမျိုးလည်း ရှိလာနိုင်တယ်”

မကြာခင်ရောက်လာတော့မယ့်၂၀၂၀ ပြည့်နှစ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ၇၂ နှစ်ပြည့်တော့မှာပါ။ ဒီလိုရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးအဆုံးသတ်ဖို့ မျှော်လင့်ချက်တွေ ရှိနေကြတုန်းပဲ ဆိုပေမယ့်လည်း တော်တော်နဲ့ မငြိမ်းမယ့်မီး၊ သက်ဆိုးရှည်ဦးမယ့်စစ်လို့ လေ့လာသူတော်တော်များများက သုံးသပ်ကြပါတယ်။ သေချာတာတစ်ခုကတော့ ပြည်တွင်းစစ်ကာလ ရှည်ကြာလာတာနဲ့အမျှ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့နိုင်ငံတွေအကြားမှာ အောက်တန်း နောက်တန်း ကျသည်ထက် ကျကျလာနေတယ်ဆိုတာပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။