ထိုင်းမှာ လုပ်ကိုင်ချင်ရင် သတ်မှတ်ချက် လိုက်နာပါ
2018.10.06
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်အကိုင်ရှာဖွေမယ်ဆိုရင် ဒီလ ၄ ရက်နေ့တုန်းက ထိုင်း - မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ MoU နားလည်မှု စာချွန်လွှာမှာ ပါဝင်တဲ့ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက် ရမယ်လို့ အလုပ်သမား ဦးစီးဌာနက ကြေညာလိုက်တယ်လို့ Eleven Media က မနေ့က ဖော်ပြပါတယ်။
ထိုင်းကို တရားမဝင်သွားရောက်ပြီး အလုပ်လုပ်ကိုင်တဲ့ အလုပ်သမားတွေဟာ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ကျခံရမယ်လို့ သတိပေးပါတယ်။ passport နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံကို သွားရုံနဲ့မရဘဲ ပြည်ဝင်ခွင့်ဗီဇာရမှ မြန်မာ အလုပ်သမားတွေ ထိုင်းမှာ နေထိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။
ပတ်စ်ပို့စ်အတု ကိုင်ဆောင်တဲ့အလုပ်သမားတွေဟာ ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ထိုင်းဘတ်ငွေ တစ်သောင်းက နှစ်သိန်းထိ ပေးဆောင်ရပါမယ်။
ရွှေ့ပြောင်း အလုပ်သမားတွေဟာ နှစ်နိုင်ငံ MoU အတိုင်းနဲ့ ဒေသတွင်း အလုပ်အကိုင် ရှာဖွေရေးရုံးတွေက တဆင့်ပဲ ထိုင်းမှာ အလုပ်သွားလုပ်သင့်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းအလုပ်ရှင်တွေရဲ့ အလုပ်ခန့်အပ်လွှာကို မြန်မာအလုပ်သမားဦးစီးဌာနက ထိုင်း အလုပ်သမားဌာနကို တင်ပြရပါမယ်။ ထိုင်းအလုပ်သမားဌာနခွင့်ပြုချက်နဲ့ မြန်မာအလုပ်အကိုင်ရှာဖွေရေးရုံးတွေဆီ ထိုင်း ရုံးတွေက ဆက်သွယ်နိုင်တယ်လို့လည်း ဖော်ပြပါတယ်။