လုပ်ခလစာကို တိုးမြှင့်ပေးဖို့ ရွှေပြည်သာစက်ရုံ အလုပ်သမားတွေ တောင်းဆို

တစ်နေ့လုပ်အားခ ကျပ် ၄၈၀၀ ဟာ လက်ရှိတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီလို့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ မြန်မာပေါင်ချိန် အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ မြန်မာပေါင်ချိန် အထည်ချုပ်စက်ရုံဟာ အလုပ်သမား ခြောက်ထောင်ကျော်နဲ့ လည်ပတ်နေတာပါ။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာပုံသေသတ်မှတ်ဈေး ၂၁၀၀ ကျပ်အထိ တိုးမြှင့် ပေးလိုက်သလိုပဲ တစ်နေ့လုပ်အားခကိုလည်း ၄၈၀၀ ကနေ ၈၀၀၀ ကျပ်အထိ ပြောင်းလဲတိုးမြှင့်ပေးဖို့ အဲဒီတောင်းဆိုမှုမှာ ပါရှိပါတယ်။
လုပ်ခလစာ ၄၈၀၀ ကျပ်ဟာ ယနေ့ကုန်ဈေးနှုန်းနဲ့ ကွာဟနေလို့ စားဝတ်နေရေး အခက်အခဲတွေ ရှိလာတာကြောင့် အခုလို တောင်းဆိုတာလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ (FGWM) ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က RFA ကို ပြောပါတယ်။
"စားအုန်းဆီ တစ်ဆယ်သားတောင် တစ်ထောင်ရှိတဲ့ ယနေ့အချိန်အခါမှာ တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျော ညီထွေမှုရှိတဲ့ လုပ်ခလစာကို ပြောင်းပေးဖို့လိုပါပြီ။ လုပ်ငန်းရှင်တွေ အများစုကလည်း အဲဒီအနိမ့်ဆုံး လုပ်ခလစာတောင် လူတိုင်းကို ပေးတာမဟုတ်ဘူး။ စက်ရုံတစ်ရုံမှာ အလုပ်စဝင်ဝင်ချင်း ဆို ၃၆၀၀ ကျပ်ပဲ ပေးတယ်"
အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလက သတ်မှတ်ခဲ့တာ ဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အခုလိုတောင်းဆိုမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲလာနိုင်တယ်လို့ သူက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ အလုပ်သမား သမဂ္ဂတွေကို စစ်ကောင်စီက ဖိနှိပ်ဖမ်းဆီးတာတွေရှိလို့ ထွက်ပြေး တိမ်းရှောင်နေရတာကို လုပ်ငန်းရှင်တွေက အခွင့်အရေးယူပြီး အလုပ်သမားတွေအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။