ပြည်ပရောက် နိုင်ငံသားတွေရဲ့ လစာငွေလဲနှုန်းအပေါ် ၃၀ ကျပ် ပိုပေးမယ်လို့ ဗဟိုဘဏ်ပြော

2022.10.29
ပြည်ပရောက် နိုင်ငံသားတွေရဲ့ လစာငွေလဲနှုန်းအပေါ် ၃၀ ကျပ် ပိုပေးမယ်လို့ ဗဟိုဘဏ်ပြော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတချို့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာတွေ ပြည်တွင်းထဲ ပြန် လွှဲပြောင်းတဲ့အခါ သတ်မှတ်ငွေလဲလှယ်နှုန်းထက် ငွေ ၃၀ ကျပ် အပိုပေးမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အောက်တိုဘာ ၂၈ ရက် မနေ့က ကြေညာပါတယ်။

ပြည်တွင်းကို ပြန်လည်လွှဲပို့ရာမှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရ ဘဏ်တွေကနေတဆင့် လွှဲပို့ရမှာဖြစ်ပြီး အခုလို ၃၀ ကျပ်တိုးပေးတာဟာ နိုင်ငံတော်က အပိုဆောင်းငွေပေးတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်က အခုလိုပြောင်းလဲလိုက်ပေမယ့် နိုင်ငံခြားငွေနဲ့ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက RFA ကိုပြောပါတယ်။

“ဗဟိုဘဏ်ဈေးနှုန်း ၂၁၀၀ သတ်မှတ်ပြီးတဲ့နောက်မှာ ပြည်ပကငွေလွှဲတာ လျော့ကျ နေတယ်လေ။ အာလုံးက တရားမဝင် ငွေလွှဲလုပ်ငန်းနဲ့သုံးကြတာ။ ဗဟိုဘဏ်က နိုင်ငံခြားငွေကို လွတ်လပ်စွာ ရောင်းခွင့်ပေးတယ်ဆိုပေမယ့် ဘဏ်တွေအများစုက ပေါက်ဈေး ပြန်မပေးကြဘူး။ သွင်းကုန်လုပ်ငန်းရှင်တွေကလည်း မဝယ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီကို တင်ပြတဲ့နေရာမှာ သူတို့က မေးခွန်းတွေမေးတယ် ကန့်သတ်ချက်တွေရှိတာပေါ့၊ အခု ငွေ ၃၀ အပို ပေးတာထက် အဲဒီစည်းမျဉ်းတွေကို ပြောင်းလဲသင့်တယ်”

သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် အသုံးပြုခွင့် မရတာ၊ လုပ်ငန်းတစ်ခုအတွက် အသုံးပြုဖို့တင်ပြရင် နောက်ထပ်ပြင်ဆင်ခွင့် မရှိတာ စတာတွေကို ဖြေလျော့ပေးဖို့လိုတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ နိုင်ငံခြားငွေ လွှဲပြောင်းရောင်းချတဲ့အခါ မလွယ်ကူသလို ပြည်ပငွေလွှဲလိုင်စင် ရထားတဲ့ လုပ်ငန်းရှစ်ခုရှိပေမယ့် အသုံးပြုသူ နည်းပါးနေသေးတယ်လို့လည်း ရန်ကုန်မြို့မှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပမှာ အနည်းဆုံး တစ်ဒေါ်လာကို ငွေကျပ် ၂၈၅၀ ကနေ ၃၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။