အလုပ်သမားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ၈၈-ခေါင်းဆောင်များ တိုက်တွန်း
2012.05.30

လှိုင်သာယာစက်မှုဇုန်က အလုပ်သမားဆန္ဒပြရာ နေရာတွေကို ဒီကနေ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ သွားရောက်ပြီး တိုက်တွန်းခဲ့တဲ့အကြောင်း ၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးက အခုလိုပြောပါတယ်။
“ဒီနေ့ ကိုမင်းကိုနိုင် ကိုယ်တိုင် လှိုင်သာယာ စက်မှုဇုန်ကို ဆင်းလာတယ်။ ကိုယ်လိုချင်တဲ့ ဆန္ဒလေးကို ရအောင်လို့ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ဖို့ရာအတွက် ပြောပါတယ်။ တဘက်က သူဌေးတွေ အနေနဲ့လည်း ဖိနှိပ်မှုမရှိအောင် နောက်ပြီးတော့ နှစ်ဦးနှစ်ဘက် ပြေလည်အောင် တိုင်ပင်ညှိနှိုင်းပြီး အဖြေရှာဖို့ရာအတွက် သူက အဓိကထားပြီး ပြောသွားတယ်။ အခုဟာက အလုပ်ရှင်တွေက ကလေးမလေးတွေကို ဆဲတာတို့၊ ကိုယ်ထိလက်ရောက် လုပ်တာတို့ ရှိလာခဲ့ပြီလေ။ တနေ့ကဆိုလို့ရှိရင် ကျွန်မတို့ ဒီအထည်ချုပ်စက်ရုံ တစ်ရုံက ကလေးမလေးတွေကို ပါးရိုက်၊ နားရိုက်ဆိုတဲ့ ကိစ္စတွေ ရှိလာတယ်လေ။ အဲဒီဟာတွေ ဖြစ်လာတဲ့အတွက် ကိုမင်းကိုနိုင်က အဲဒီအကြောင်းမျိုးတွေ မဖြစ်စေချင်ဘူးပေါ့နော်။ အကြမ်းဖက်တဲ့နည်းတွေကို မသုံးဖို့အတွက် လာပြီး ကလေးမလေးတွေကို မေတ္တာရပ်ခံတာ။ တကယ်လို့ အလုပ်ရှင်ဘက်က လုပ်ခဲ့သည်ရှိသော် ကိုယ့်ဘက်ကလည်း သည်းခံနိုင်ဖို့၊ ဇွဲရှိဖို့၊ စိတ်ရှည်ဖို့ ကိုယ်လိုချင်တဲ့ အဖြေကို အေးအေးဆေးဆေးနဲ့ ရနိုင်ဖို့ရာ အတွက်ပေါ့နော်၊ ပြောသွားတာပါ”
အခြေခံလုပ်ခလစာ တိုးမြင့်ရေး ဆန္ဒပြနေတဲ့ Hi-Mo Hi-Art ဆံပင်တုစက်ရုံမှာ ဆန္ဒပြသူတွေနဲ့ အလုပ်ရုံ တာဝန်ရှိသူတွေကြား ဒီကနေ့ ရုံးရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုတိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လှိုင်သာယာ စက်မှုဇုန်က S-Square ဖိနပ်စက်ရုံ၊ မြန်မာဆန်နီ အထည်ချုပ်စက်ရုံနဲ့ Sunny အထည်ချုပ်စက်ရုံတို့မှာလည်း အခြေခံအလုပ်သမား အခွင့်အရေးတွေအတွက် ဒီကနေ့စပြီး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
လှိုင်သာယာ စက်မှုဇုန်မှာ အခြေခံရပိုင်ခွင့်တွေအတွက် အလုပ်သမားတွေ ဆန္ဒပြတဲ့ စက်ရုံပေါင်း ၁၂ ရုံရှိနေပြီလို့ သိရပါတယ်။