လှိုင်သာယာက ကျူးကျော်တွေ ဘူဒိုဇာနဲ့ ဖျက်ဆီးရှင်းလင်းခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁ ထိပ်ကနေ တပင်ရွှေထီးလမ်း တစ်ဝိုက်မှာရှိတဲ့ ကျုးကျော်တဲတွေကို စစ်သားနဲ့ ရဲ အင်အား ၅၀ လောက်ပါတဲ့ အဖွဲ့က ဘူဒိုဇာနဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက် ဒီနေ့ မနက် ၆ နာရီဝန်းကျင်ကစပြီး အဲဒီလမ်းတစ်ဝိုက်ကို ပိတ်ဆို့ကာ စစ်သားနဲ့ ရဲတွေက ကျုးကျော်အိမ်နဲ့ ဆိုင်တွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနက်တစ်ပိုင်းကတော့ အတော်ဆိုးသွားပါတယ်။ ဖျက်နေရင်တောင် ဖယ်ခိုင်းပြီး ဘူဒိုဇာနဲ့ ဝင်ထိုး သွားတာပါ။ လမ်းရှိသမျှ အကုန်နီးပါးပဲဗျ ဖျက်ပေးထားလို့ အောက်ခံကြွေပြား ကျန်ခဲ့ရင်တောင် ထိုးကလော်သွားတာပါပဲ"
အခုဖယ်ရှားခံလိုက်ရတဲ့ လမ်းတစ်ဝိုက်မှာ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် အများဆုံးရှိပြီး နေအိမ်တချို့လည်းရှိကာ ဒီနေ့ ဖယ်ရှားရှင်းလင်းခံခဲ့ရတဲ့ ဆိုင်ခန်းနဲ့ နေအိမ် အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လှိုင်သာယာမြို့နယ်ထဲက ကျုးကျော်အိမ်နဲ့ ဆိုင်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စက်ယန္တယားတွေသုံးပြီး လိုက်လံဖယ်ရှား ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁ ရက်ကလည်း ရန်ကုန်-ပုသိမ် လမ်းမကြီးတစ်လျှောက်က ကျုးကျော်တွေကို ဖယ်ရှားခဲ့သလို နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ အိမ်ရှေ့ရေမြောင်းကို ကျော်ပြီးထုတ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံသတိပေးတာ ရှိခဲ့ပါတယ်။