လှိုင်သာယာကျုးကျော်တွေကို စစ်တပ်က ယနေ့ အပြီးဖယ်ခိုင်း
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းကနေ ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးက ကျူးကျော်နေအိမ်တွေကို စစ်အာဏာပိုင်တွေက အောက်တိုဘာလ ၂၈ ရက် ဒီနေ့အပြီး ဖယ်ရှားခိုင်း ထားတာကြောင့် ပြောင်းရွှေ့နေကြရပါတယ်။
ဒီနေ့မနက်ပိုင်း ဘုရင့်နောင်တံတားကို ခဏပိတ်ခဲ့ပြီး မဖြစ်မနေ ပြောင်းကြဖို့ လိုက်လံကြေညာနေသလို သေနတ်ပစ်သံတွေပါ ကြားခဲ့ရတယ်လို့ လှိုင်သာယာဒေသခံတွေက ပြောပါတယ်။
ကျူးကျော်မှာ နေထိုင်သူတွေအများစုဟာ အနည်းဆုံး ၁၀ နှစ်နီးပါး ရှိကြပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ယာယီနေထိုင်ခွင့် စမတ်ကတ် ရရှိထားသူတွေ ဖြစ်ပါတယ်။
အခြားနေရာတွေမှာ ပြန်လည်ငှားရမ်းနေထိုင်ဖို့ကလည်း အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် အလုပ်တွေ ရပ်နားထားရတာနဲ့ အဆောင်စျေးတွေ ကြီးတာကြောင့် လက်တလော အတော်လေး အခက်ကြုံနေရတယ်လို့ ကျူးကျော်မှာ နေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက တစ်ပတ်အတွင်း မဖြစ်မနေဖယ်ရှားဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် အကြောင်းလာသလို ညနေတိုင်းလည်း စစ်ကားတွေနဲ့ သေနတ်တွေ ကိုင်ပြီး လိုက်လံကြေညာနေတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်တိုင်းထဲမှာရှိတဲ့ သိန်းနဲ့ချီတဲ့ ကျူးကျော်ပြဿနာကို ဖြေရှင်းဖို့ မြေဧက ၂၀၀၀ ပေါ်မှာ စီမံကိန်းတွေ အကောင်အထည်ဖော်မယ် ဆိုပြီး စာရင်းတွေကောက်ယူတာ ကျူးကျော်နေထိုင်တာ မှန်ကန်ကြောင်း အသိအမှတ်ပြုကတ်တွေ ထုတ်ပေးတာတွေ လုပ်ခဲ့ပေမယ့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။