မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဖွဲ့စည်း ထူထောင်
2014.04.27
မြန်မာနိုင်ငံအတွင်း အလုပ်သမားတွေ ကြုံတွေ့နေ ရတဲ့ အခက်အခဲတွေ ကို ဖြေရှင်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကျင်းပနေ တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ညီလာခံ ကနေပြီး ၂ဝ၁၃ခုနှစ်၊ အောက်တိုဘာလက ယာယီဖွဲ့ထား တဲ့ မြန်မာ နိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့(ယာယီ)ကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်အဖြစ် ဗဟိုအလုပ်အမှုဆောင် ၂၇ ဦးနဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကို တရားဝင် မှတ်ပုံတင်ခွင့် ရအောင် ဆောင်ရွက်သွားမယ် လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနော်အောင် က ပြောပါတယ်။
"ဒီအဖွဲ့ချုပ်ကိုဖွဲ့တဲ့ ရည်ရွယ်ချက်ကိုက အခုအလုပ်သမားတွေရဲ့ အထွေထွေပြဿနာတွေကို တစ်ဖွဲ့ချင်းအနေ နဲ့ ဖြေရှင်းမယ်ဆိုရင် မရတော့လို့စုပေါင်းပြီးတော့မှ ဖြေရှင်းမှရတော့မယ်ဆိုတဲ့ဟာကို ကျနော်တို့ သိတော့ အဖွဲ့ချုပ်ဖွဲ့လိုက်တာပေါ့ဗျာ၊အဖွဲ့ချုပ်ဖွဲ့တဲ့နေရာမှာ လိုအပ်ချက်တွေ အများကြီးတော့ ကျနော်တို့ ယာယီပဲဖွဲ့ခဲ့တာ အခုဟာက ပြန်လည်ပြင်ဆင်ပြီးတော့မှ ကျနော်တို့က ခိုင်ခိုင်မာမာလည်းရှိအောင်လို့ ထပ်ပြီးတော့ဖွဲ့လိုက်တာပါ၊ မှတ်ပုံတင်ဖို့ကိစ္စက ဆက်လုပ်သွားမှာပေါ့ဗျာ၊ လောလောဆယ် ကျနော်တို့ရဲ့ အထွေထွေပြဿနာကို ကျနော်တို့အချင်းချင်းလက်ခံဖို့အတွက် အဖွဲ့ချုပ်ဖွဲ့တာပေါ့ဗျာ"
နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ မနေ့ကစပြီး ၂ရက်ကြာ ကျင်းပတဲ့ အလုပ်သမားအရေး ဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေထဲက မဲပေးရွေးချယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ ဥက္ကဌဟာ အရင်ကဖွဲ့ခဲ့တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(ယာယီ)မှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးအောင်လင်း ကို ပဲ ထပ်မံခန့်အပ်ခံရတယ်လို့ သိရပါတယ်။ ဒီညီလာခံမှာ အလုပ်သမားအခွင့်အရေးတွေ၊ အနည်းဆုံးလုပ်ခလစာကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြတယ်လို့လဲ သိရပါတယ်။