NUG အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံသားရုပ်သိမ်းမှု ဥပဒေနဲ့ ညီညွတ်မှုမရှိ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေအပါအဝင် နိုင်ငံရေးလှုပ်ရှား သူ ၁၆ ဦးကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ တရား မဝင်တဲ့ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကာယကံရှင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေက တုံ့ပြန်ပြောဆိုပါတယ်။
ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးအောင်မျိုးမင်း၊ ဒေါ်ဇင်မာအောင်၊ ဒေါ်ခင်မမမျိုး အပါအဝင် NUG အစိုးရအဖွဲ့ဝင် ၁၀ ဦးနဲ့ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်း၊ ကိုမောင်မောင်အေးနဲ့ မအိပန်ဆယ်လို အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ခြောက်ဦး၊ စုစုပေါင်း ၁၆ ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်ကောင် စီက မတ်လ ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။
သူတို့အားလုံးဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာသွား တာမို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အရ ဥပဒေပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တရားမဝင် အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းဖြစ်တာမို့ ၁၉၈၂ ဥပဒေကို ကျင့်သုံးပိုင်ခွင့် မရှိဘူး လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် က တုံ့ပြန်ပါတယ်။
" အာဏာစသိမ်းကတည်းက စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကျွန်တော် တို့က ကြေညာ ထားပြီးသား ဖြစ်ပါတယ်။ အဲတော့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက် ပြီးတော့ ဒီအကြမ်းဖက်အဖွဲ့အစည်း တစ်ရပ်ဟာ ဒီ ၁၉၈၂ နိုင်ငံသားဥပဒေကိုလည်း ကျင့်သုံးပိုင်ခွင့်မရှိပါဘူး။ နိုင်ငံရဲ့ တရားဝင်အစိုးရ မဟုတ်ဘူး။ အကြမ်းဖက်အဖွဲ့ အစည်းပဲ ဖြစ်တယ်။ လက်ရှိအခြေအနေမှာ ဥပဒေကို ကိုင်ပြီး ကျင့်သုံးနေသမျှ အားလုံးဟာ ဘာမှ တရားဝင်တယ်လို့ ကျွန်တော်တို့ မသတ်မှတ်ဘူး။ ဒါကြောင့်မို့လည်း ကျွန်တော်တို့အပေါ်မှာ ဘာမှ သက်ရောက်မှု မရှိဘူးလို့ ယူဆပါတယ်"
NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း အာဏာသိမ်းထားတဲ့ စစ်ကောင်စီ ကိုယ်တိုင် တရားမဝင် အဖွဲ့အစည်းဖြစ်တာမို့ ဒီလိုအဖွဲ့အစည်းမျိုးက နိုင်ငံ သားအဖြစ် ရပ်စဲလိုက်တာကို တုံ့ပြန်မှတ်ချက်ပေးစရာ ဘာမှမရှိဘူးလို့ RFA က မနေ့က ဆက်သွယ်မေးမြန်းစဥ် ပြန်လည်ဖြေကြား သွားပါတယ်။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၁၆ မှာ နိုင်ငံသားတစ်ဦးဟာ နိုင်ငံတော်ကနေ အပြီးအပိုင် ထွက်ခွာတာ၊ အခြားနိုင်ငံရဲ့ နိုင်ငံသားအဖြစ်ကို ခံယူတာ ဒါမှမဟုတ် မှတ်ပုံတင်တာ၊ အခြားနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အလားတူလက်မှတ်ကို ထုတ်ယူတာတွေအတွက် နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း ဖော်ပြထားပါတယ်။
တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီက တရားဝင်အစိုးရကို ဖြုတ်ချပြီး အဲဒီအစိုးရအဖွဲ့ဝင်တွေကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တာက ဥပဒေမဲ့တဲ့ ပြောင်းပြန်လုပ်ရပ်ဖြစ်နေတယ်လို့ NUG အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောပါတယ်။
"မတရားပေါ့လေ လူထုကိုသတ်ဖြတ်ပြီးတော့ ညှဥ်းပန်းနှိပ်စက်မှုကို လုပ်ဆောင်နေတဲ့ တရားမဝင်တဲ့ အစိုးရ တစ်ရပ်က တရားဝင်အစိုးရကို ရပ်စဲတယ်ဆိုတာ ပြောင်းပြန် ဖြစ်နေတယ်။ တကယ့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးကို လုပ်ဆောင်နေကြတဲ့ သူတွေကို ရပ်စဲတယ်ဆိုတဲ့ အနေအထားက ပြောင်းပြန်ဖြစ်နေတယ်။ တကယ်တမ်း ကျတော့ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်ကို မတရားအုပ်ချုပ်ဖို့အတွက် ကြိုးစားတဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါများကိုသာ ကျွန်မတို့က ရပ်စဲရမှာ ဖြစ်ပါတယ်။ အဲတော့ ဒီတိုင်းပြည်ထဲမှာ နိုင်ငံသား ဘယ်သူ ဖြစ်သင့်သလဲဆိုတဲ့ အနေအထားက ဒီတိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်သင့်သလဲဆိုတဲ့ အနေအထားကို ပြည်သူလူထုက သိရှိပြီးသား၊ ရွေးချယ်ပြီးသား၊ လက်ခံပြီးသား ဖြစ်ပါတယ်"
NUG အစိုးရအဖွဲ့မှာ ပါဝင်သူတွေအနေနဲ့ အခုချိန်ထိ တခြားနိုင်ငံသား ခံယူထားတာမျိုး မရှိသလို၊ ဒီလို မြန်မာ နိုင်ငံသားအဖြစ်ကနေ ရပ်စဲမှုကလည်း NUG ရဲ့ သံတမန်ရေးရာ လမ်းကြောင်းတွေကို တစ်စုံတစ်ရာ ထိခိုက် သွားမှာ မဟုတ်ဘူးလို့ ဒေါ်ခင်မမမျိုးက ပြောသွားပါတယ်။
"တရားမဝင်တဲ့ အစိုးရတစ်ရပ်က တရားဝင်အစိုးရကို ရပ်စဲတယ်ဆိုတာ ပြောင်းပြန်ဖြစ်နေတယ်"
နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံရတဲ့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး မအိသဉ္ဇာမောင်ကလည်း ၁၉၈၂ ဥပဒေဟာ အပြီး ဖျက်သိမ်းပစ်ရမယ့် ဥပဒေဖြစ်တယ်လို့ ထောက်ပြ ဝေဖန်ပါတယ်။
"ကျွန်မတို့သည် ယနေ့အချိန်အထိ မြန်မာနိုင်ငံကနေ စွန့်ခွာခဲ့တာ မရှိဘူး၊ အခုအချိန်အထိ မြန်မာနိုင်ငံနဲ့ အတူတူ အလုပ်လုပ်ပြီးနေတယ်၊ ရှင်သန်နေတယ်၊ တော်လှန်ရေးကို လုပ်နေတယ်ဆိုတော့ ဒီလိုအထဲမှာ ပါတဲ့အတွက် စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေက လတ်တလောမှာ ဘာမှ ထိခိုက်မှု မရှိဘူး။ နောက်ပြီးတော့ ကျွန်မ ရွေးကောက်ပွဲ စဝင်ကတည်းက ၁၉၈၂ ဥပဒေက ဖျက်သိမ်းရမယ့်ဥပဒေလို့ ကျွန်မက ကြွေးကြော်ထားတဲ့ အထဲမှာ ပါတယ်။ ဒီလိုမျိုးဥပဒေနဲ့ ဒီလိုမျိုးကြေညာချက်ကို တရားမဝင်တဲ့ အဖွဲ့အစည်းက ကြေညာတယ်ဆိုတာကတော့ ကျွန်မတို့အနေနဲ့ ဘာမှ ထွေထွေထူးထူး တုံ့ပြန်နေစရာမလိုဘူးလို့ ထင်တယ်”
စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပါ ဗဟိုအဖွဲ့မှာ စစ်ကောင်စီရဲ့ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီအဖွဲ့ကို စစ်ကောင်စီမှာ အရေးပါတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် ကြီးတွေက ထိန်းချုပ်ထားတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ကြပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သူတို့အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ တုံ့ပြန်ပါတယ်။
"နိုင်ငံသားဥပဒေမှာ ပါပြီးသားပဲ။ ပုဒ်မ ၁၆ မှာ နိုင်ငံထဲကနေ ထွက်ခွာသွားလို့ရှိရင်၊ အပြီးအပိုင် ထွက်ခွာသွားလို့ရှိရင်၊ ပြီးရင် နိုင်ငံနဲ့ ပတ်သက်ပြီး ငြိစွန်းတဲ့ဥပဒေတွေရှိရင် ပယ်ဖျက်ခွင့်ရှိတယ်လို့။ ဒါဟာ အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒီထဲမှာ ဥပဒေပုဒ်မ ၁၆ မှာ ဒါနဲ့ငြိစွန်းရင် လုပ်ခွင့်ရှိတယ်။ ပုဒ်မ ၁၇ မှာ ၁၆ မှာ ကျန်တဲ့ဟာတွေ မရှိဘူးဆိုရင် လုပ်ခွင့်မရှိဘူးလို့ပါပါတယ်။ ၁၆ နဲ့ ငြိစွန်းတဲ့အတွက် လုပ်ရခြင်းဖြစ်ပါတယ်"
NUG အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲ လိုက်တဲ့ကိစ္စဟာ ၁၉၈၂ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘဲ စစ်ကောင်စီဘက်က ထင်ရာစိုင်းတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တရား လွှတ်တော်ရှေ့နေတစ်ဦးက ထောက်ပြ ဝေဖန်ပါတယ်။
"နိုင်ငံသားဆုံးရှုံးတဲ့ တိုက်ရိုက်ပြစ်မှုကလေ ဗမာပြည်ကနေ တခြားနိုင်ငံသား ခံယူသွားတာ စွန့်လွှတ်သွားလို့ ဆုံးရှုံးတာလေ၊ အသားလွတ် ဆုံးရှုံးတယ်ဆိုတာ မရှိဘူး၊ နိုင်ငံတော် သစ္စာဖောက်မှု၊ ပုန်ကန်မှု ပြစ်ဒဏ်အရ သူတို့ကို ကြိုးပေးသတ်ချင်သတ်မယ်၊ နိုင်ငံသား မဆုံးရှုံးပါဘူး၊ အဲတော့ နားမလည်ဘူး ဖြစ်နေတယ်။ ဒီဥပဒေနဲ့ အခုလုပ်တဲ့ အချက်ကိုလေ၊ ၁၉၈၂ ဥပဒေနဲ့လည်း မကိုက်ဘူးလို့ ပြောရမှာပဲ။ နိုင်ငံသားအဖြစ် ဆုံးရှုံးတာက နိုင်ငံခြားသားက နိုင်ငံသားအဖြစ် ရောက်လာတဲ့အခါမှာ ဆုံးရှုံးတာရှိတယ်။ အခုလုပ်ရပ်က ကိုယ့်ရန်သူကို နှိပ်ကွပ်တာပါပဲ။ ဥပဒေနဲ့ ဘာမှ မဆိုင်ဘူး။ အခု အုပ်စိုးနေတဲ့ သူက သူ လုပ်ချင်ရာလုပ်တာပဲ။ ဥပဒေနဲ့အညီတော့ မပြောနဲ့ ဥပဒေမှာ အဲဒါ မရှိပါဘူး"
အကြီးဆုံးပြစ်မှုတွေဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားဝင် ရွေးကောက်တင်မြှောက် ထားတဲ့ ပြည်ထောင်စုအစိုးရကို ပုန်ကန်မှုတွေမှာတောင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကလွဲရင် နိုင်ငံသားအဖြစ် ရပ်စဲတာမျိုးက မြန်မာနိုင်ငံ သမိုင်းမှာ မရှိသေး ဘူးလို့လည်း သူက ဆိုပါတယ်။
နိုင်ငံသားဖြစ်ခွင့်ဆိုတာ လူသားတိုင်းအတွက် အရေးပါတဲ့ အခြေခံအခွင့်အရေးဖြစ်တာမို့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးကို ခြိမ်းခြောက်မှု၊ ချိုးဖောက်မှုဖြစ်တယ်လို့ ကိုယ်တိုင် နိုင်ငံသားရပ်စဲခံလိုက်ရတဲ့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပြောဆိုပါတယ်။
"သူတို့သိတဲ့၊ ထင်ရှားတဲ့ လုပ်ဆောင်နေတဲ့သူတွေထဲက ရွေးချယ်ပြီးတော့ လုပ်ဆောင် တာပါ။ ဘယ်လိုနည်းနဲ့ပဲလုပ်လုပ် နိုင်ငံတွေမှာ နိုင်ငံသားဖြစ်ခွင့်ဆိုတာ လူ့အခွင့် အရေးတစ်ရပ်ပါ။ နိုင်ငံတွေမှာ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးမသွားအောင် ဥပဒေအရ ကာကွယ်ပေးတယ်။ တချို့ဆို နှစ်နိုင်ငံသားဖြစ်ခွင့်ပါ ပေးထားတယ်။ ဒါပေမဲ့ အကြမ်းဖက် စစ်ကောင်စီကတော့ ကိုယ့်နိုင်ငံသားတွေကို ဘယ်လိုနည်းနဲ့ ဖယ်ရှား ရမလဲဆိုပြီး စဉ်းစားလုပ်ဆောင်နေတာ။ ဒါက ပထမဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုပဲ"
လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အပိုဒ် (၉)မှာ ဘယ်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးတာ၊ တိုင်းပြည်ကနေ နှင်ထုတ်တာတွေ မပြုရလို့ ဖော်ပြထားပြီး၊ အပိုဒ် (၁၅) မှာ လူတိုင်း နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရှိတယ်၊ ဆန္ဒရှိရင် အခြား နိုင်ငံသားအဖြစ် ခံယူနိုင် တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားဖြစ်ခွင့်ဟာ နိုင်ငံသားတစ်ယောက်အတွက် မွေးရာပါ အခွင့်အရေးဖြစ်တာမို့ နိုင်ငံသားအဖြစ် ကနေ ရပ်စဲပယ်ဖျက်တာ၊ ဖြည့်စွက်တာတွေကို စစ်ကောင်စီအနေနဲ့ လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း ထောက်ပြ ဝေဖန်ကြပါတယ်။