ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် ကျင်းပ
2018.04.21

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သဘာပတိအဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနားကျင်းပတာလို့ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
"ကျနော်တို့တိုင်းပြည်အတွက် ဒီမိုကရေစီအရေးအတွက် လူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်၊ ဒါပေမဲ့ ဘဘ ကွယ်လွန်သွားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ နိုင်ငံသူ နိုင်ငံသား ပြည်သူလူထုတစ်ရပ်လုံးအတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက်ကတော့ တန်ဖိုးဖြတ်လို့မရတဲ့ ကြီးမားတဲ့ဆုံးရှုံးမှုလို့ အဲဒီလိုပဲခံယူပြီးတော့ ဒီနေ့အခမ်းအနားနဲ့ ကျေးဇူးဆပ်တာ၊ ဂုဏ်ပြုရခြင်းဖြစ်ပါတယ်"
ဒီကနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒု-ဥက္ကဌ တို့နဲ့အတူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ဘာသာရေးအဖွဲ့အစည်း အသီးသီးတို့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဟံသာဝတီ ဦးဝင်းတင်ဟာ ၂ဝ၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်ပါတယ်။
ညနေပိုင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့ပါတယ်။