နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွှတ်ပေးဖို့ အပြာရောင်လှုပ်ရှားမှု ပြုလုပ်တောင်းဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တည်ထောင်သူတွေထဲက တစ်ဦး လည်းဖြစ်၊ မြန်မာနိုင်ငံရဲ့ ထောင်သက်အကြာဆုံး နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်ဖြစ်တဲ့ ဧပြီလ ၂၁ ရက် ဒီနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှု (Bule Shirt Campaign) ကို ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ မြန်မာတစ်နိုင်ငံလုံးက ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပုံစံမျိုးစုံနဲ့ ပါဝင်ခဲ့ကြပါတယ်။
ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ အပြာရောင် အင်္ကျီတွေကို ဝတ်ဆင်ပြီး လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဘက်က စုပေါင်းသပိတ်စစ်ကြောင်းတွေမှာလည်း အင်္ကျီအပြာရောင်ဝတ်ဆင် ပြီး ဆရာကြီး ဦးဝင်းတင် ပြောကြားခဲ့တဲ့ “တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့ တောင် ရှူစရာမရှိဘူး” ဆိုတဲ့ စာသားပါ ဗီနိုင်းပိုစတာတွေနဲ့အတူ ချီတက်ဆန္ဒပြကြပါတယ်။
လမ်းလျှောက်ဆန္ဒပြတာအပြင် ထိုင်သပိတ်တွေလုပ်ပြီး ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အကြောင်းတွေကို ဟောပြောခဲ့တယ်လို့ ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက RFA ကို ပြောပါတယ်။
“အခုချီတက်ခဲ့တယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ အဆိုအမိန့်ဖြစ်တဲ့ စစ်တပ်ရဲ့ ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူးဆိုတဲ့ စာသားကို ဘန်နာအဖြစ် ကိုင်ဆောင်ပြီး တော့ အပြာရောင် အင်္ကျီတွေ ဝတ်ဆင်ပြီးတော့ စစ်အာရှင် အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့တယ်။ ထိုင်သပိတ် အခမ်းအနားမှာဆိုရင် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ အကြောင်းတွေကို ဟောပြော မျှဝေတာတွေ လုပ်ခဲ့ပါတယ်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နည်းတူ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးချုပ်နှောင်ခြင်းမှ ကင်းဝေဖို့ တောင်းဆို ဆန္ဒပြုခဲ့ပါတယ်”
ရန်ကုန်မြို့မှာလည်း ပြည်သူတွေအပြင် ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များ သပိတ် ကော်မတီ (PBYSC) အဖွဲ့သားတွေကလည်း အပြာရောင် အင်္ကျီတွေဝတ်ဆင်ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာကနေ ပါဝင် ခဲ့ကြပါတယ်။
အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာ ပြချင်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်တာ လို့ PBYSC အဖွဲ့ဝင် မဂျူဝယ်လ်က ပြောပါတယ်။
“ကျမတို့ PBYSC အဖွဲ့အနေနဲ့ အဖွဲ့သားအကုန်လုံးက Bule Shirt Campaign ကို ဝင်ရောက်ပြီးတော့ ဆင်နွှဲပါ တယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မတရားဖမ်းဆီးထိန်းသိမ်း ခြင်းခံထားရတဲ့ ရဲဘော်တွေနဲ့အတူ PBYSC က ရဲဘော် တွေအကုန်လုံးကလည်း အမှန်တရား ဘက်တော်သားဘက်ကနေ ရပ်တည်ကြောင်းကို အပြာရောင်အင်္ကျီတွေ ဝတ်ရင်းနဲ့ ထုတ်ဖော်ပြသတာပါ”
အရင်နှစ်တွေက လမ်းပေါ်ထွက်လှုပ်ရှားတာ ဖြစ်ပေမယ့် အာဏာသိမ်းတစ်နှစ်ကျော်လာပြီး နေ့တိုင်း အဖမ်းအဆီးတွေ များနေတာကြောင့် ပြည်သူလူထုဆီ တိုက်ရိုက်ရောက်နိုင်ပြီး အန္တရာယ်ကင်းတဲ့ အခုလိုနည်းလမ်းနဲ့ ပါဝင်တာလို့ မဂျူဝယ်လ်က ဆိုပါတယ်။
ဆရာကြီး ဦးဝင်းတင်ဟာ အကျဉ်းထောင်မှာ ၁၉ နှစ်ကျော်နေခဲ့ရပြီး ထောင်ကပြန်လွတ် လာချိန်ကစလို့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ရည်ရွယ်ချက်နဲ့ အကျဉ်း ထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင်အင်္ကျီနဲ့ ပုဆိုးကို ကွယ်လွန်သည်အထိ ဝတ်ဆင်ခဲ့ သူဖြစ်ပါတယ်။
NLD ပါတီရဲ့ ပဲခူးတိုင်း ပြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကလည်း ဆရာကြီး ဦးဝင်းတင်ထုံး နှလုံးမူပြီး အခုလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်း တယ်လို့ ပြောပါတယ်။
“ဘဘဦးဝင်းတင်ကတော့ ယုံကြည်ချက်ခိုင်မာတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်စေ ရဲရဲရင့်ရင့် အမှန် တရားဘက်ကပဲ ရပ်တည်ခဲ့တယ်။ သူအကျဉ်းထောင်က လွတ်လာတဲ့အချိန်မှာလည်း နိုင်ငံရေးအကျဉ်းသား တွေအားလုံးကို ကိုယ်စားပြုပြီး အပြာရောင် တီရှပ်ပဲ ဝတ်ခဲ့တယ်ပေါ့။ သူ ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်မှာလည်း အားလုံးက ဒီကမ်ပိန်းကို အမှတ်တရ ဆောင်ရွက်ကြတယ်။ ဒါတွေအားလုံးက အခုအကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးညီအစ်ကိုတွေ၊ ပြည်သူလူထုတွေအားလုံးကို ကိုယ်စားပြုတယ်။ ဒီအတွက် ကျနော်တို့ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲသလို ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲဖို့လည်း တိုက်တွန်းချင်ပါတယ်”
"နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးချုပ်နှောင်ခြင်းမှ ကင်းဝေဖို့ တောင်းဆိုဆန္ဒပြုခဲ့ပါတယ်”
ဒီလှုပ်ရှားမှုဟာ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ခွန်အား တစ်ရပ်ဖြစ်စေတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုဝင် ကိုဇေယျာလွင်က ပြောပါတယ်။
“ဒီနွေဦးတော်လှန်ရေးမှာ ကျသွားတဲ့သူတွေကို ကျနော်တို့မမေ့ဘူးပေါ့။ သူတို့လွတ်ဖို့ကို တောင်းဆိုနေကြတယ်။ အစဉ်တစိုက်ပေါ့။ အဲဒီပြယုဂ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီပြယုဂ်က အထဲမှာရှိနေတဲ့ သူတွေအတွက်ကို တကယ့်ကို အင်အားဖြစ်စေပါတယ်ပေါ့နော်။ ကျနော် အဲလိုပဲ နားလည်တယ်။ ဘာလို့ဆို ကျနော်တို့လည်း အထဲမှာ ရှိခဲ့တဲ့သူကိုး။ ငါတို့ကို အပြင်ကလူတွေ မမေ့ဘူး။ ငါတို့အတွက်ကို တောက်လျှောက် အပြင်ကလူတွေ လှုပ်ရှားနေတယ်ဆိုတဲ့အသိက အထဲမှာရှိနေတဲ့သူတွေအတွက် တကယ့်ကို အင်အား ဖြစ်စေတယ်။ ပြီးတော့ သူတို့ရှေ့ဆက် ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေ မှုတွေကို ကျော်ဖြတ်ဖို့ ဒီလှုပ်ရှားမှုတွေက ခွန်အား ဖြစ်စေပါတယ်”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး တစ်နှစ်ကျော် ဒီနေ့အချိန်အထိ စစ်အာဏာ သိမ်းမှုကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်လို့ ဖမ်းဆီးခံထားရသူ အကျဥ်းထောင်တွေထဲမှာ တစ်သောင်းကျော် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေး အသင်း AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
သူတို့ဟာ စစ်ကောင်စီရဲ့ နည်းမျိုးစုံသုံးပြီး ညှဉ်းပန်း၊ နှိပ်စက်၊ ဖိနှိပ်တာကို ခံနေရတယ် ဆိုတာ မမေ့မလျော့ဘဲ ပြည်သူလူထုက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆို တယ်လို့လည်း AAPP က ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေခြင်းဟာ တစ်နိုင်ငံလုံး မလွတ်မြောက် သေးဘူးဆိုတဲ့ သဘောကို ဆရာကြီး ဦးဝင်းတင်က ဖော်ညွှန်းခဲ့တာဖြစ်တယ်လို့ မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ တေဇာဆန်းက ပြောပါတယ်။
“ဒီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေခြင်းသည် တစ်နိုင်ငံလုံးမလွတ်မြောက် ဘူးဆိုတဲ့ သဘောကို ဘဘက ဖော်ညွှန်းခဲ့တာ။ ဒါကြောင့် ဒီနေ့ ဘဘဦးဝင်းတင် ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်မှာ ကျနော်တို့ အင်္ကျီအပြာ လှုပ်ရှားမှုကို မြေပြင်မှာရော၊ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာရော ပါဝင်ဆင်နွှဲနေကြတာဖြစ်ပါတယ်။ ကျနော်တို့ တစ်နိုင်ငံလုံးသည် အကျဉ်းကျနေတယ်ဆိုတဲ့ သဘောကို ဖော်ညွှန်းတဲ့ သဘောလည်း ရည်ရွယ်ပါ တယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို မရောက်မချင်း အကျဉ်းထောင်ထဲမှာပဲ ရောက်သွား ရောက်သွား၊ အကျယ်ထောင်ဖြစ်တဲ့ အပြင်မှာပဲ ကျန်ရစ် ကျန်ရစ် ကျနော်တို့ အားလုံး လုံး၀သွေးမအေးဘူးဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်”
အဲဒီ Blue Shirt Campaign ပါဝင်ကြဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က တိုက်တွန်းထားသလို ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Campaign-UK ကလည်း နိုင်ငံရေးအကျဉ်း သားတွေ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ဒီနေ့လှုပ်ရှားမှုမှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီး ခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ ပြင်သစ်နိုင်ငံအနေနဲ့ ထပ်မံတောင်းဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်သံရုံးကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မတရားထိန်းသိမ်းခံထားရသူတွေ ပြန်လွှတ်ပေးရေး ဖိအားပေးဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အဆီးအတားမရှိ ပေးအပ်နိုင်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရေး စစ်အာဏာရှင်ကို ဖိအားပေးရာမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။