ဒေါ်ဝင်းမြမြ ထောင်ထဲမှာ တကယ်ရှိမရှိ ပြန်စစ်ဆေးခိုင်း
2011.11.10

Photo/AHRC
သမ္မတ ဦးသိန်းစိန်ရဲ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ အောက်တိုဘာ ၁၂ ရက်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်လာတဲ့ အထဲမှာ ပူတာအို အကျဉ်းထောင်က ဒေါ်ဝင်းမြမြလည်း ပါတယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ အင်တာနက်မှာ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ပူတာအို ထောင်ပိုင် အနေနဲ့ ဒေါ်ဝင်းမြမြ ထောင်ထဲမှာပဲ ရှိတဲ့အကြောင်း ထုချေလွှာ တင်လိုက်ရတယ်လို့ အောက်တိုဘာ ၃၁ ရက်က ထောင်ဝင်စာ သွားတွေ့ခဲ့သူ ဒေါ်ဝင်းမြမြရဲ့ ညီမ ဒေါ်တင်ဝင်းရီက ပြောပါတယ်။
မန္တလေးတိုင်း အင်န်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုအတွင်း ဖမ်းဆီးသွားခဲ့ပြီး ပုဒ်မ ၅၀၅ (ခ)၊ ၁၅၃ (က) စတဲ့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အေးချမ်းရေးကို နှောင့်ယှက်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး မိသားစုနဲ့ ဝေးရာ ပူတာအို အကျဉ်းထောင်ကို ပို့ထားခဲ့တာပါ။
ပူတာအို အကျဉ်းထောင်မှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဒေါ်ဝင်းမြမြတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား (၂၀) ကျော် ကျန်နေ သေးတယ်လို့ သိရပါတယ်။