အမတ်လောင်း ဒေါ်ဝင်းမြမြကို ကန့်ကွက်မှု NLD လက်မခံ


2020.08.27
winmyamya-622.jpg NLD ပါတီက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ ကို တွေ့ရစဉ်
Photo: Daw Win Mya Mya's FB
NLD ပါတီက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ ကို တွေ့ရစဉ်
Photo: Daw Win Mya Mya's FB

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ဒေါ်ဝင်းမြမြကို ကန့်ကွက်ကြောင်း ဒေသခံတချို့က လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပေမယ့် ကိုယ်စားလှယ်လောင်းနေရာ အပြောင်းအလဲလုပ်သွားမှာ မဟုတ်ဘူးလို့ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး မုံရွာအောင်ရှင်က ပြောလိုက်ပါတယ်။

အစ္စလာမ် ဘာသာဝင် ဒေါ်ဝင်းမြမြဟာ စဉ့်ကိုင်ဇာတိမဟုတ်တဲ့အပြင် ဘွဲ့ရပညာတတ် မဟုတ်တာကြောင့် ပိုမို သင့်တော်သူတစ်ဦးနဲ့ အမြန်ဆုံး အစားထိုးပေးဖို့ ဒေသခံတချို့က သြဂုတ် ၂၅ နေ့စွဲနဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ စာပေးပို့ တောင်းဆိုထားတာပါ။

မုံရွာအောင်ရှင်ကတော့ ပါတီဟာ တကယ်အလုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်မျိုးကိုသာ ပါတီရဲ့ မူဝါဒနဲ့အညီ ရွေးချယ်ခဲ့ ကြောင်း ပြောပါတယ်။

ကန့်ကွက်တဲ့သူတွေရဲ့ သဘောထားဟာ စဉ့်ကိုင်ပြည်သူအားလုံးရဲ့ သဘောထားမဟုတ်ဘူးလို့ ယူဆကြောင်း၊ လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံပြီး ကန့်ကွက်တာမျိုးကို လက်မခံနိုင်ကြောင်း မုံရွာအောင်ရှင်က ပြောပါတယ်။

ဒေါ်ဝင်းမြမြကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒါနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ဘာမှ မှတ်ချက်ပြု မပြောလိုဘူးလို့ RFA ကို ပြောပါတယ်။

လက်မှတ်ရေးထိုး ကန့်ကွက်သူတွေကိုတော့ RFA က ဆက်သွယ်လို့မရခဲ့ပါဘူး။

ကန့်ကွက်သူတွေရဲ့ ပေးစာမှာတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာဟာ စဉ့်ကိုင်ဒေသခံတွေရဲ့ ဘာသာရေး၊ သာသနာရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို ပြည်သူတွေကိုယ်စား ဆောင်ရွက်ပေးရမယ့်နေရာမှာ ဒေသခံ အများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ အခြားဘာသာဝင် ဖြစ်နေတာကြောင့် ရေရှည်မှာ အဆင် မပြေနိုင်ကြောင်း ဖော်ပြထားပါတယ်။

ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒေါ်ဝင်းမြမြဟာ ပါတီက ချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သူဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီလို့ ရွေးချယ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုလာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ ဝင်ဖို့အတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးရှိပါတယ်။

အဲဒီထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရလက်ထက် နှစ်ရှည် ထောင်ကျခံခဲ့ရတဲ့ ဒေါ်ဝင်းမြမြ၊ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှုနဲ့ အကျဉ်းထောင်တွေထဲမှာ ၄ နှစ်ကျော် နေထိုင်ခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးစည်သူမောင်တို့ဟာ ၂၀၁၂ နောက်ပိုင်း NLD ရဲ့ ပထမဆုံး အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။