NLD လွှတ်တော်အမတ် ဒေါ်ဝင်းမြမြ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြကို ပုဒ်မ ၅ဝ၅ - ကနဲ့ စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနေ့က အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။
ဒေါ်ဝင်းမြမြကို ဆန္ဒပြရန်ဦးဆောင်မှုနဲ့ မနှစ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခဲ့တာပါ။ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးအနီး ၇၃ လမ်းနဲ့ သိပ္ပံလမ်းထောင့်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က လူထုဆန္ဒပြပွဲမှာ ဒေါ်ဝင်းမြမြ ပါဝင်ခဲ့ပါတယ်။
ဒေါ်ဝင်းမြမြဟာ အသက် ၇၃ နှစ်အရွယ်ရှိပြီး အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ သူ့မှာ အရိုးအဆစ်နာရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသလို မျက်လုံးခွဲစိတ်မှုလည်း ခံယူထားရပါတယ်။
သူဟာ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် မကြာခဏ ဖမ်းဆီးခံရဖူးပြီး ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မဲအပြတ်အသတ် အနိုင်ရခဲ့သူဖြစ်ပါတယ်။