“ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ထူထောင်မည်
2011.12.17

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ နာယကတွေအဖြစ် စာရေးဆရာကြီး ဒဂုန်တာရာ၊ သခင်သိန်းမောင် (ဝါးခယ်မ)နဲ့ ကြေးမုံဦးသော် တို့က ဆောင်ရွက်မယ်လို့ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်တဲ့စာရေးဆရာ မောင်ဝံသက ပြောပါတယ်။
အဲဒီ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးကော်မတီမှာ ပါဝင်တဲ့ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူက ဖောင်ဒေးရှင်းထောင်ဖို့ စီစဉ်လိုက်တဲ့အခါ ပြည်တွင်း ပြည်ပက အလှူရှင်များ ပေါ်လာကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။
“နံပါတ်တစ်ကတော့ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုများပေါ့။ နောက်တခု ဦးဝင်းတင် ပြောတာတော့ စာပေ၊ ရုပ်ရှင်နဲ့ စာနယ်ဇင်းနယ်က ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တွေကို ထောက်ပံ့ကူညီဖို့ပေါ့။ ဦးဝင်းတင်ကတော့ တပြားမှ ရှိတာမဟုတ်ဘူး၊ ကိုဝံသက အဲဒီလို ဖောင်ဒေးရှင်းတခု ထောင်မယ်ဆိုပြီး လုပ်လိုက်တော့ နိုင်ငံခြားက စပြီး လှူတန်းမယ့်ပုဂ္ဂိုလ်တွေ ပေါ်လာတာပေါ့ဗျာ။ ပြည်တွင်းကလည်း ပေါ်တာပေါ့”
သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ပြန်လည် လှူဒါန်းနေတဲ့အတွက် အခုလို ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ် ပိုကျမယ်လို့ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။
ဆရာကြီး ဦးဝင်းတင်ဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကြောင့် ထောင်ဒဏ် အနှစ် ၂ဝ နီးပါး ကျခံခဲ့ရပြီး ၂ဝဝ၈ ခုမှာ လွတ်မြောက်ခဲ့ပါတယ်။