စစ်ဘေးဒုက္ခသည်တွေ WFP နဲ့ အစိုးရ ပူးပေါင်းကူညီနေ
2016.08.05

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အပါအဝင် ရခိုင်၊ ကယား ၊ မွန် ၊ ကရင်နဲ့ တနင်္သာရီ စတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာထောက်ပံံ့ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သက်ဆိုင်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီဆောင်ရွက်နေပါသလဲလို့ မြစ်ကြီးနားမဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်မေးတဲ့မေးခွန်းကို နယ်စပ်ရေးရာ ဒုဝန်ကြီးက အခုလို ပြန်လည်ဖြေကြား ခဲ့တာပါ။
"စားနပ်ရိက္ခာထောက်ပံ့ဖို့ကိုတော့ ကျနော်တို့ WFP နဲ့ ၂ဝ၁၅ ကနေ ၂ဝ၁၈ အထိ ကချင်၊ ရခိုင်၊ ကယား၊ မွန်၊ ကရင်၊ တနင်္သာရီမှာ ကျနော်တို့ ထောက်ပံ့မှုတွေလုပ်ဖို့ MOU ရေးထိုးထားပြီးဖြစ်ပါတယ်၊ နောက် ဆက်လက်ပြီး အစောက လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့ဥစ္စာတွေကိုလည်း ကျနော်တို့ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား အပ်ပါတယ်"
ဒါ့အပြင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားရာမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကနေ ၂၀၁၆ ခုနှစ် ဇွန်လအထိ စစ်ဘေးဒုက္ခသည်စခန်းပေါင်း ၉၄ ခု ဖွင့်လှစ်ထားခဲ့ကြောင်းနဲ့ အဲ့ဒီစခန်းတွေမှာ အိမ်ထောင်စုပေါင်း ရှစ်ထောင်ကျော် ၊ လူဦးရေ လေးသောင်းနီးပါးရှိကြောင်းလည်း ဒုဝန်ကြီးက ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၁ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အထိ စားနပ်ရိက္ခာနဲ့ အခြားကူညီပံ့ပိုးမှုတွေရှိခဲ့ပေမယ့် ၂၁၀၅ ၊ ၂၀၁၆ ခုနှစ်တွေမှာ ဝန်ကြီးဌာနအနေနဲ့ ကူညီမှုတွေနည်းသွားတယ်လို့ ဒုက္ခသည်စခန်း တာဝန်ခံတွေက ပြောဆိုကြောင်းလည်း ဦးအင်ထုံးခါးနော်ဆမ် က တင်ပြဆွေးနွေးခဲ့ပါတယ်။