အိမ်ထောင်စု ၄၆,၀၀၀ ကျော်အတွက် WFP နဲ့ LIFT ငွေကြေးကူညီ

2022.03.25
အိမ်ထောင်စု ၄၆,၀၀၀ ကျော်အတွက် WFP နဲ့ LIFT ငွေကြေးကူညီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ရွာ ဇွပ်အောင်ဒုက္ခသည်စခန်းမှာ နေထိုင်သည့် ကချင်စစ်ဘေး ဒုက္ခသည်တွေကို ၂၀၂၂ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ချင်း၊ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူတွေနဲ့ ဆင်းရဲ နွမ်းပါးတဲ့ အိမ်ထောင်စုပေါင်း ၄၆,၀၀၀ ကျော်အတွက် တစ်အိမ်ထောင်စီကို ခြောက်သောင်းခွဲကျပ်စီ မကြာသေးခင်က ထောက်ပံ့ပေးခဲ့တယ်လို့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) က မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကို ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဥ် (WFP) နဲ့ ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘဝရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်ခဲ့ကြရတဲ့ မိသားစုတွေအတွက် အဓိကရည်ရွယ်တာလို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

"ထိခိုက်လွယ်တဲ့ မိသားစုတွေအနေနဲ့ ဝင်ငွေတွေ ဆုံးရှုံးပြီး လူမှုရေး၊ စီးပွားရေး အကျပ်အတည်းတွေ အများကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ အာဟာရပြည့်ဝတဲ့ စားနပ်ရိက္ခာ တွေကို လက်လှမ်းမီ ရရှိနိုင်ဖို့လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်" လို့ LIFT ရန်ပုံငွေ ညွှန်ကြားရေးမှူး Sara Netzer က ပြောပါတယ်။

အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့အနေနဲ့ ၂၀၀၉ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံမှာ ပြည်သူ ၁၂.၈ သန်းကျော်ကို ပံ့ပိုးပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။