ဝက်လက် ရွာသာကြီးရွာမှာ လက်နက်ကြီးထိမှန်ပြီး ငါးဦးထက်မနည်း ဒဏ်ရာရ

2022.09.26
ဝက်လက် ရွာသာကြီးရွာမှာ လက်နက်ကြီးထိမှန်ပြီး ငါးဦးထက်မနည်း ဒဏ်ရာရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက မီးရှို့ခံရသည့် ဝက်လက်မြို့နယ် ရေလည်မော်ရွာကို တွေ့ရစဉ်။
ဓာတ်ပုံ - ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကို စက်တင်ဘာလ ၂၅ ရက် မနေ့မနက် ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရုတ်တရက်ရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် အရပ်သား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် လက်နက်ကြီးမှန်ပြီး နေအိမ် နှစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လက်နက်အပြည့် ကိုင်ဆောင်ထားတဲ့ စစ်သား ၄၀ ခန့် ကားနှစ်စီးနဲ့ မနက်စောစော ရွာကိုရောက်လာပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာက ကားလမ်းဘေးမှာလည်းရှိတော့ ကာကွယ်ရေးအဖွဲ့တွေလည်း ထင်ထင်ပေါ်ပေါ် မရှိပါဘူး၊ ဖြတ်သွားဖြတ်လာတွေပဲ ရှိကြတာပါ၊ အဲ့ဒါကို မနေ့က ကားနှစ်စီးနဲ့ ရောက် လာပြီး ပစ်တာ၊ စျေးရောင်းစျေးဝယ်လုပ်ချိန်ဆိုတော့ ထိခိုက်ကြတာ၊ အကုန်လုံး ထွက်ပြေး၊ လမ်းတစ်လျှောက်မှာ မပေါက်ကွဲသေးတဲ့ ကျည်တွေရှိတယ်၊ အဲ့ဒါတွေ ရှောင်ပြီး ထွက်ပြေးကြရတာ၊ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးကုသပေးနေပါတယ်၊ အသေပျောက်တော့ မရှိပါဘူး"

ဒီပစ်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာသာကြီးရွာက ဒေသခံလေးထောင်ကျော် နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မပြေးနိုင်ဘဲ ရွာမှာကျန်ရစ်ခဲ့သူတချို့ကို စစ်သားတွေက ခေါ်ယူမေးမြန်းနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာသာကြီးရွာမှာ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ ရွာသား ၁၀၀ လောက် ပိတ်မိနေပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ တပ်စွဲထားဆဲလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ဟာ စစ်တပ်က အာဏာသိမ်းတာကို လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ မြို့နယ်ဖြစ်တာကြောင့် အာဏာသိမ်းတဲ့ လ ၂၀ နီးပါးအတွင်း စစ်ကောင်စီ တပ်သားတွေ ရွာသာကြီးရွာကို ဝင်ရောက်ရှင်းလင်းတာ ဒီတစ်ကြိမ်နဲ့ဆို လေးကြိမ်ရှိသွား ပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ထိ အာဏာသိမ်း ၁၉ လနီးပါးအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data for Myanmar အဖွဲ့က ဩဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။