ဝက်လက်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ကစလို့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံနှစ်သောင်းကျော် နေရပ် စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဝက်လက်ဒေသခံတွေက RFA ကို ပြောပါတယ်။
ဟန်လင်း (ပျူ) မြို့ဟောင်းအနီးမှာရှိတဲ့ စခန်းသာ၊ မှတ်ထိ၊ ဆားတောင်ကြီး၊ ငါးပိအိုး၊ စည်ကြီးကျ၊ မုဆိုးခြုံ၊ ဘိုတဲကုန်း၊ ကံကြီးတော စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ ဖြစ်ပါတယ်။
အဲဒီမြို့ဟောင်းအနီးမှာ စစ်ကောင်စီတပ်က အခြေစိုက်စခန်းတစ်ခု လုပ်ထားသလို ရွာတွေ ထဲမှာလည်း တပ်စွဲထားတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရတာလို့ ဝက်လက်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဟန်လင်းမှာ စစ်ကြောင်းထိုးတာ ဘေးရွာတွေပါ ထွက်ပြေးနေရတယ်။ ဒုက္ခရောက်နေ ကြတယ်။ တောကြားမှာ နေကြရတယ်။ အခုအချိန်က သီးနှံရိတ်သိမ်းချိန်ဆိုတော့ အခက်အခဲတွေ့ရတယ်။ ကျနော်တို့ ဟန်လင်းဘက်မှာဆိုရင် နှမ်းတွေ ရိတ်ကြတော့မယ်။ တစ်နှစ်လုံး ရင်းနှီးထားရတာ။ ဒီနှမ်းလေးရမှ စားဝတ်နေရေးက အဆင်ပြေမှာ။ အခု တော့ အကုန်ထွက်ပြေးနေရတယ်”
လက်ရှိအချိန်အထိ ရွာတွေထဲမှာ တပ်စွဲထားတာကြောင့် အမျိုးသမီးတွေ ရိက္ခာပစ္စည်း ဝင်ယူရုံကလွဲလို့ ရွာထဲ မနေရဲကြဘူးလို့ သူက ဆက်ပြောပါတယ်။
ဒေသခံတွေဟာ တောတိုက်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပြီး အချိန်မီဆေးကုသမှုမရလို့ အသက်သေဆုံးခဲ့တာ တွေလည်း ရှိတယ်လို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးခဲ့ချိန်အတွင်း ဒေသခံ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်တွေ ငါးပိအိုး ရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
အခုရက်ပိုင်း နှစ်ဖက်ထိတွေ့မှုမရှိတော့ဘဲ စစ်ကောင်စီတပ်သား အင်အားတစ်ရာနီးပါးက ဟန်လင်းမြို့ဟောင်းထဲ တပ်အထိုင်ချထားတယ်လို့ ဝက်လက်အခြေစိုက် ဒေသကာကွယ် ရေးအဖွဲ့ GZ Special Task Force – Wetlet တာဝန်ခံက RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။