Modern Times ဂျာနယ် အပိတ်ခံရ
2010.08.15

ပြီးခဲ့တဲ့ အပတ်ထုတ် Modern Times ဂျာနယ်မှာ ဖော်ပြထားတဲ့ မိုးလေဝသဆိုင်ရာ ဆောင်းပါးတပုဒ်ကြောင့် အခုသီတင်းပတ်အတွက် ထုတ်ဝေခွင့် ရပ်နားခံရတာ ဖြစ်တယ်လို့ စာနယ်ဇင်းသမားတွေက ပြောပါတယ်။
အရင်အပတ်ထုတ် Modern Times ဂျာနယ်ထဲမှာ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က မြန်မာနိုင်ငံမှာ စက်တင်ဘာ၊ အောက်တိုဘာ မိုးနှောင်းကာလအတွင်း အေးပြီးစွတ်စိုတဲ့ လာနီညာ ရာသီဥတုနဲ့ ကြုံတွေ့ရနိုင်တဲ့အတွက် မိုးများပြီး မုန်တိုင်းများ ဝင်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုချက်ကို ‘စက်တင်ဘာမှာ လာမှာလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ နာဂစ်မုန်တိုင်းသင့်ဒေသက ဓါတ်ပုံထည့်သွင်းပြီး ဆောင်းပါးရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
မုန်တိုင်းနဲ့ ပတ်သက်လို့ အခုလို ရေးသားဖော်ပြမှုဟာ အများပြည်သူကို အထိတ်တလန့် ဖြစ်စေတယ်လို့ စာပေစိစစ်ရေးက အကြောင်းပြပြီး ထုတ်ဝေခွင့်ပိတ်ပင်လိုက်တာလို့ ရန်ကုန်က သတင်းထောက်တွေက ပြောပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့် ပိုပေးရမယ့်အစား သတင်းဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်တာတွေ၊ သတင်းမီဒီယာနဲ့ သတင်းသမားတွေအပေါ် တင်းကြပ်ထိန်းချုပ်တာတွေ တိုးမြှင့် ပြုလုပ်လာတယ်လို့ BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်က ဝေဖန်ပြောကြားပါတယ်။
“များသောအားဖြင့် နိုင်ငံရေးနဲ့ နွယ်တဲ့ကိစ္စတွေကို သူတို့ အထူးသဖြင့် သတိထားတယ်။ သို့သော်လည်းပဲ ခုနောက်ပိုင်းကျတော့ ဂျာနယ်တွေကို ဘယ်လောက်အထိ တင်းကြပ်ထားသလဲဆိုတာ အခုလိုမျိုး မိုးလေဝသသတင်းကို လူထုကို အသိပေးတဲ့အခါမှာတောင်၊ မိုးလေဝသသတင်းဆိုတာ များသောအားဖြင့် ရာသီဥတု ကောင်းနေလို့ရှိရင် သတိပေးဖို့ သိပ်မလိုဘူး၊ ရာသီဥတု ဆိုးတော့မယ်ဆိုရင် လူထုကို သတိပေးရတယ်။ ဒါမှလည်း လူထုက ကြိုတင်ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်လို့ရမယ်။ အဲဒီလိုမျိုး သတိပေးတဲ့ ကိစ္စကိုတောင် စစ်အစိုးရက အခုလိုမျိုး တင်းကြပ်လာတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ ရွေးကောက်ပွဲ နီးလာလေလေ ပိုပြီးတော့ ဆိုးလာလေလို့ မြင်ပါတယ်“
စစ်အစိုးရရဲ့ စာပေစိစစ်ရေးဌာနဟာ ပြီးခဲ့တဲ့လအတွင်း အပတ်စဉ် ထုတ်ဝေတဲ့ The Voice ဂျာနယ် ကိုလည်း အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးတပုဒ် ဖော်ပြခဲ့မှုကြောင့် ထုတ်ဝေခွင့် သီတင်းနှစ်ပတ် ပိတ်ပင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြခွင့်ကို စာပေစိစစ်ရေးဌာနက တိတိကျကျ သတ်မှတ် ထုတ်ပြန်ထားတာ မရှိတဲ့အတွက် သတင်းမီဒီယာသမားတွေ အခက်ကြုံနေကြရပြီး၊ ဂျာနယ်မဂ္ဂဇင်းတွေလည်း မကြာခဏ ဆိုသလို ပိတ်ပင်ခံနေရပါတယ်။