မုန်တိုင်းငယ် အားပျော့သွားပြီလို့ မိုးဇလ ထုတ်ပြန်


2018.05.30
weather-may30-622.jpg ၂၀၁၈ ခုနှစ်၊ မေလ (၃၀) ရက်နေ့ ညနေ (၄:၀၀)နာရီ အချိန် ထုတ်ပြန်ချက်
ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - ဖေ့စ်ဘွတ်

ကုန်းတွင်းမုန်တိုင်းငယ်ဟာ အားပျော့ပြီး လေဖိအားနည်းရပ်ဝန်းအဆင့်ပဲ ရှိတော့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးက ဆက်ရွာနေဦးမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"မုန်တိုင်းငယ်ကတော့ အားလျော့ပြီးတော့ လေဖိအားနည်းရပ်ဝန်းအဆင့်လောက်ပဲ ရှိတော့တယ်ပေါ့နော်၊ လေတိုက်နှုန်းကလည်း တစ်နာရီကို မိုင် ၂၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတော့တယ်ပေါ့၊ လေပြင်းလောက်ပဲ ရှိတော့တဲ့ အနေအထားမျိုးလေးတွေ ရှိတယ်ပေါ့၊ ဒါပေမဲ့ သူရဲ့ အရှိန်လေးကြောင့်မို့လို့ မိုးကတော့ ဆက်ပြီးတော့ ရွာနေဦးမယ့် အနေအထားရှိပါတယ်၊ တနသာၤရီတိုင်းဒေသကြီးတစ်ခုထဲ နေရာစိပ်စိပ်လောက် ရွာပြီးတော့မှ ကျန်တဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေ အကုန်လုံးမှာတော့ နေရာအနှံ့အပြားလောက် မိုးရွာနိုင်သေးတယ်ပေါ့နော်၊ နောက် ၁ နာရီခွဲ ၂ နာရီလောက်ဆိုရင်တော့ အားပျော့ ပျက်ပြယ်ပြီးတော့ အစိမ်းရောင်အခြေအနေ ကျနော်တို့ ထုတ်ပြန်တော့မှာပါ"

မုန်တိုင်းရဲ့ အရှိန်နဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် တို့မှာ နေအိမ်ထိခိုက်မှုတွေများခဲ့ပါတယ်။

မကွေးတိုင်းမှာ ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ကြောင်း ကနဦးသတင်းတွေ ရရှိထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည် က ပြောပါတယ်။

"ရန်ကုန်ကတော့ အစ်မတို့ သိတာကတော့ ရွှေပြည်သာ ရပ်ကွက် ၇ ခု ပေါ့၊ အိမ်ခြေ ၆၀၀ ကျော်လောက်ပေါ့၊ မနေ့ကတည်းက ထောက်ပံ့နေပြီ၊ ဒီနေ့လည်း ဆက်ထောက်ပံ့နေတယ်၊ နေအိမ်ကလေ အစ်မတို့မှာ လုံး၀ ပျက်စီးတာနဲ့ တစ်စိတ်တစ်ပိုင်းပျက်စီးတာနဲ့ တောင်းတာတောင် သူတို့ မပေးနိုင်သေးဘူး၊ သူတို့က ဒါ ထိခိုက်တယ်လို့ပဲပြောလို့ရသေးတယ်၊ ရခိုင်မှာက ကျောက်ဖြူမှာ ၃ လုံး၊ ရမ်းဗြဲမှာ ၃ လုံး၊ မာန်အောင်မှာ ၁၆ လုံး၊ အမ်းမှာ ၂၁ လုံး စုစုပေါင်း ၄၃ လုံးလို့တော့ အစ်မတို့ ကနဦး သိတယ်၊ ပြီးရင် မာန်အောင်မှာ သာသနိက အဆောက်အဦး ၅ လုံးလို့ပါတယ်၊ နောက် ပဲခူးမှာက ပေါင်းတည်က ၃၅ လုံးလို့ရတယ်၊ ပန်းတောင်းမှာက ၁၉ လုံးလို့ရတယ်၊ ဇီးကုန်းက ၂ လုံး၊ ပြည်က ၁ လုံး၊ အုတ်ဖိုက ၈  လုံး၊ သဲကုန်းက ၇ လုံး၊ မင်းလှက ၅ လုံးလို့ ရတယ်၊ မကွေးမှာကတော့ မကွေးရယ်၊ စလင်းရယ်၊ ပွင့်ဖြူရယ် အဲမှာ စုစုပေါင်း အိမ်ခြေ ၃၀၀ ခန့်လို့တော့ ကနဦးသိထားတယ်၊ နောက် ပွင့်ဖြူမှာ ဒဏ်ရာရတာ ၂ ဦးရှိတယ်၊ အပင်လဲလို့ပေါ့"

နေပြည်တော်၊ မန္တလေးတိုင်း နဲ့ ကရင်ပြည်နယ်တို့မှာလည်း နေအိမ်ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး နဲ့ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒေသအလိုက်မိုးကြီးနိုင်သလို စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ကုန်းတွင်းပိုင်း မုန်းတိုင်းငယ်ကြောင့် လူ ၃ ဦးသေဆုံးပြီး နေအိမ်နဲ့ အဆောက်အဦး ၂၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။

သံတွဲခရိုင်အတွင်းမှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။ သေဆုံးသူ ၃ ဦးကတော့ မာန်အောင်မြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၅၀၀ ခန့်ရှိပြီး မုန်တိုင်းသင့်ဒေသခံတွေအတွက် လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဝင်သွားပေမယ့် ရခိုင်ကမ်းရိုးတန်းတစ်လျောက်မှာ တိမ်တိုက်တချို့ကျန်နေပြီး မုတ်သုန်လေ အားကောင်း နေသေးတဲ့ အနေအထားကြောင့် မြန်မာ့ကမ်းရိုးတန်းမှာ တစ်နာရီကို မိုင် ၄၀ လောက်အထိ လေတိုက်ခတ်နိုင်သေး တယ်လို့ ဦးကျော်မိုးဦး က ပြောပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် (၉) ပေ ကနေ (၁၂) ပေခန့် အထိ ရှိနိုင်တယ်လို့လည်း သိရပါတယ်။

မုန်တိုင်းကြောင့် မနေ့ကစပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ ရေယာဉ်တွေအားလုံး ရပ်နားထားဖို့နဲ့ ဘေးလွတ်ရာမှာ ခိုလှုံဖို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။