ကလေးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ လသားကလေး အပါအဝင် သုံးဦးဒဏ်ရာရ
2024.05.05

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားရွာမှာ မေလ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ်ကလေး အပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တင်သားရွာနဲ့ သုံးမိုင်အကွာ ကြန်သာရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းက လက်နက်ကြီးနဲ့ ငါးကြိမ်ခန့်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခဲ့တာဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် ဒေါ်ယုယုအေးဆိုသူ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ကလေးမြို့နယ် လူသားချင်းစာနာထောက်ထားရေးအဖွဲ့ တာဝန်ခံ ကိုရက္ခက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်က သွားတိုက်တာလည်းမရှိဘူး။ ဒီအတိုင်း ရမ်းပစ်တာ။ လက်နက်ကြီးနဲ့ ပစ်နေတဲ့အချိန်မှာ လွတ်မယ့်နေရာကို စုကြတာပေါ့။ အဲလိုစုဖို့ပြေးလွှားရင်း ဒေါ်ယုယုနားကို တည့်တည်ကျပြီး သေဆုံးသွားတာပေါ့”
ဒဏ်ရာသူတွေကတော့ အသက် ၃၅ နှစ်အရွယ် ကိုစိန်လွင်၊ ခုနစ်လသားအရွယ် မောင်ဖြိုးပြည့်စုံဇော်နဲ့ အသက် ၃၀ အရွယ် မပြည့်ပပြည့်တို့ဖြစ်ပြီး ဦးခေါင်းနဲ့ခါးတွေမှာ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆေးကုသမှုပေးထားပြီး အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိတော့ဘူးလို့ ကိုရက္ခက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မေလ ၄ ရက်နေ့ မနေ့ကလည်း ကလေးမြို့နယ်မြောက်ပိုင်းမှာ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံဆယ်ယောက်ခန့် သေဆုံးခဲ့တယ်လို့ ကလေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။