ဘီးလင်းမှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA Burmese
2024.05.27
ဘီးလင်းမှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ ဘီးလင်းမြို့နယ်အတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို KNU မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားစဥ်။
KNU

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘုရားဆိပ်အုပ်စု၊ တောသူဌေးကုန်းရွာကို မေလ ၂၄ ရက်နေ့က တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ် (၃) ခြေမြန်တပ်ရင်းကနေ ပစ်ခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ် ကိုရဲလင်းဌေးနဲ့ အသက် ၃၅ နှစ်အရွယ် မမိုးမိုးအေးတို့ နေရာမှာတင် သေဆုံးခဲ့တာလို့ ဘီးလင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်က နေ့လယ်ကြီးကို လက်နက်ကြီးနဲ့ပစ်တာ၊ ၁၂၀ မမ ရှစ်လုံးလောက် ကျရောက်ပေါက်ကွဲခဲ့တာ။ အဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး နေရာမှာတင်ပဲ ပွဲချင်းပြီးဆုံးသွားတာ။ တခြားသူတွေက ခြေတွေလက်တွေမှာ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်“

ဒေသခံ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦးကတော့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ်ထဲကို မေလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မေလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်းမှာတင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး သေဆုံးပြီး လေးထောင်ကျာ် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။