ပင်လယ်လှိုင်းလုံးကြီးများကြောင့် ကျောက်ဖြူမြို့မှာ ငါးဖမ်းလှေ ၂၀ နစ်မြုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တောင်ဘက်မှာ ပင်လယ်တွင်းက လူတရပ်ကျော်မြင့်တဲ့ လှိုင်းလုံးများ ရုတ်တရက် မြင့်တက် လာတာကြောင့် ကမ်းမှာကပ်ထားတဲ့ ငါးဖမ်းစက်လှေ ၂၀ လောက် နစ်မြုပ်သွားပြီး ကမ်းနား သဲသောင်ခုံမှာ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

2011.04.19
ခုလိုလှိုင်းတွေ ရုတ်တရက် မြင့်တက်လာတာကတော့ ကျောက်ဖြူမြို့ တောင်ဘက် ၂၈ မိုင်အကွာ ဇင်းချောင်းရွာမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဘာကြောင့်ဆိုတာ မသိရသလို အာဏာပိုင်တွေထံက ကြိုတင် သတိပေးချက်လည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“လှိုင်းကကြီးတယ်၊ ရေက တက်တယ် ဆိုတော့ လှေတွေ အကုန် ပျက်ကုန်တာပေါ့ဗျာ။ လူနေအထိတော့ မတက်ဖူးဗျ၊ ကမ်းက အရမ်းမြင့်တယ်ဆိုတော့ မတက်ဖူး။ အဓိက ကမ်းနီးတဲ့ နေရာတွေမှာ ဆိုတော့ သူတို့ ဘယ်လိုလဲဆိုတော့ တောင်ယာလေးတွေ ဒီ ကမ်းစပ်နားမှာ ဟိုဟာ အသီးအနှံတွေ စိုက်ထားကြတာပေါ့နော်။ အဲဒီက မထင်မှတ်ပဲ လှိုင်းတွေ တက်လာတယ်ဆိုတော့ အကုန်လုံး အသီးအနှံတွေ ပျက်ကုန်တာပေါ့။”

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဇ္ဈိမ သတင်းတရပ်မှာတော့ မုန်တိုင်းလည်း မရှိ ငလျင်လှုပ်မှု သတင်းတွေလည်း ထွက်ပေါ်ခြင်း မရှိပဲ ရုတ်တရက် လှိုင်းတွေ ကြီးလာရခြင်းဟာ ပင်လယ်မြေမျက်နှာပြင်အောက် မြေပြိုမှုတွေ ကြောင့်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြောင်း မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သုံးသပ်ကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။