စစ်ရေယာဉ်တွေ တည်ဆောက်ပြီး ရေတပ်ကို အဆင့်မြှင့်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော
2024.12.24

တိုက်စွမ်းအားပြည့်ဝတဲ့ စစ်ရေယာဉ်တွေတည်ဆောက်ပြီး မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပင်လယ်ပြင်တွေမှာ ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ ရေတပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ အမှတ် (၃) ဆိပ်ခံတံတားမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်တွေ တပ်တော်ဝင်တဲ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။
မြန်မာရေတပ်ဟာ မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်ကို အပြည့်အဝ ကာကွယ်နိုင်တဲ့ သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ ရေတပ်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ တိုက်စွမ်းအားပြည့်ဝတဲ့ စစ်ရေယာဉ်ကြီးတွေ တည်ဆောက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ရေယာဉ်တွေ တပ်တော်ဝင်တဲ့အခမ်းအနားမှာ စစ်ကောင်စီ ရေတပ်က တည်ဆောက်ခဲ့တဲ့ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးကိုလည်း တပ်တော်ဝင်ခဲ့ပါတယ်။ အဲဒီ ဖရီဂိတ်စစ်ရေယာဉ်ဟာ လိုသလို ရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်တဲ့ ဂီယာစနစ်ပါဝင်တဲ့ ဒီဇယ် (ဒါမှမဟုတ်) ဂက်(စ်) တာဘိုင်ပေါင်းစပ်မောင်းနှင်မှုစနစ် တပ်ဆင်ထားတဲ့ စစ်ရေယာဉ်ဖြစ်ပါတယ်။ စစ်ကောင်စီ ရေတပ်ဟာ ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် နှစ်စင်းကိုလည်း ၇၇ နှစ်မြောက် ရေတပ်နှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းဟာ ရေမိုင် တစ်ထောင့်နှစ်ရာကျော် (၁၂၆၀ မိုင်) ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိပါတယ်။ မြန်မာ့ရေပိုင်နက်အတွင်း ရေပေါ်ရေအောက် အဖိုးတန်သယံဇာတတွေ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာကြောင့် ရေတပ်ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေဖို့ စဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက်နေတာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီရေတပ် သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းငါးဖမ်းလှေတစ်စီးကို မြန်မာ့ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်ငါးဖမ်းတယ်ဆိုပြီး စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးပြီး ရေလုပ်သားတွေကို ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
ငါးဖမ်းစက်လှေကို စစ်ကောင်စီ ရေတပ်က ပစ်ခတ်ဖမ်းဆီးတာကို ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။