မုံရွာ-ယာကြီးလမ်း အသုံးမပြုကြဖို့ သတိပေးထုတ်ပြန်

2022.02.26
မုံရွာ-ယာကြီးလမ်း အသုံးမပြုကြဖို့ သတိပေးထုတ်ပြန် မုံရွာ-ယာကြီး လမ်းပိုင်းတစ်နေရာကို ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေသလို ဒေသကာကွယ်ရေးတပ် PDF တွေနဲ့ တိုက်ပွဲတွေဖြစ်နေလို့ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ကစပြီး မုံရွာ-ယာကြီး လမ်းပိုင်းကို ဒေသခံတွေ အသုံးမပြုကြဖို့ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးအရ အရေးပေါ်ကိစ္စရှိမှသာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အသိပေးကြ ပြီးမှသာ ဖြတ်သန်းသွားလာကြဖို့လည်း ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုထဲက "ချိုမိုင်မိုင်" အဖွဲ့ရဲ့ သတိပေး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခုလိုကန့်သတ်ထားတဲ့ကာလအတွင်း ဖြတ်သန်းသွားလာမယ်ဆိုရင် အချိန်မရွေး တိုက်ပွဲ တွေဖြစ်လာနိုင်တာမို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် လုံခြုံရေးအာမခံချက် ပေးနိုင် မှာမဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ယင်းမာပင်မြို့နယ်ထဲ စစ်ရေးတင်းမာမှုအခြေအနေတွေကို စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ယင်းမာပင်မြို့နယ်ထဲ သံချပ်ကာကားတွေနဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ကျေးစာကျရွာအနီးနဲ့ ဖိုလ်ဝင်တောင် လမ်းခွဲအနီး နှစ်နေရာမှာ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်လည်း ယင်းမာပင်မြို့နယ်ထဲက ရဲတပ်ရင်း ၂၈ စခန်းကို ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တို့က PDF တပ်ဖွဲ့ ၇ ဖွဲ့လောက်က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။

အခုလို စစ်ရေးတင်းမာနေတဲ့ ယင်းမာပင်ဒေသက မုံရွာ-ယင်းမာပင် လမ်းဘေးတစ် လျှောက်က ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တစ်ထောင်ကျော်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။