တိုက်ပွဲပြင်းထန်လို့ နှစ်ဖက်အကျအဆုံး များကြောင်း AA ထုတ်ပြန်
2019.10.22
အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်အတွင်း မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ် တွေမှာ တပ်မ ၅၅ လက်အောက်ခံစစ်ကြောင်းတွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံးက ကျဆုံးတာတွေ၊ ဒဏ်ရာရှိတာတွေရှိခဲ့တယ်လို့ တပ်မတော်နဲ့ AA နှစ်ဖက်လုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကနေ AA ဘက်က အားကစားအင်္ကျီ၊ ဘောင်းဘီတွေ ဝတ်ဆင်ထားတဲ့ ရုပ်အလောင်း ကိုးလောင်း အပါအဝင် လက်နက်နဲ့ကျည်တွေ သိမ်းပိုက်ရရှိခဲ့သလို တပ်မတော်ဘက်ကလည်း AA ဘက်က အရာရှိနဲ့ စစ်သည်အချို့ ကျဆုံးခဲ့တယ်လို့ တပ်မတော်မြဝတီသတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ဘက်က နှစ်ဦးကျဆုံးခဲ့သလို တချို့ဒဏ်ရရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းဘက်က ကျဆုံးသူ ၃၅ ဦးအထက်ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
"ကျွန်တော်တို့ဘက်နေပြီးတော့ အာရက္ခစစ်သည် နှစ်ဦး ကျဆုံး တာရှိတယ်။ နောက်ပြီးတော့ တချို့ ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာရတာကတော့ နည်းနည်းပါးပါးပါပဲ။ ရခိုင်ပြည် မင်းပြားရယ်၊ နောက်ပြီးတော့ မြောက်ဦးရယ်၊ ပုဏ္ဏားကျွန်းပေါ့နော် အဲဒီဖြစ် စဉ်တွေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ရန်သူဘက်က အနည်းဆုံး ၃၅ ယောက်အထက် ကျဆုံးတာရှိတယ်"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ AA ဘက်က ထုတ်ပြန်ပြောဆိုထားတာတွေနဲ့ ပတ်သက်ပြီး ဘာမှမှတ်ချက်မပေးလိုကြောင်းနဲ့ အောက်တိုဘာလ ၂၀ ရက်နဲ့ ၂၁ နေ့ ညပိုင်းက လက္ကာရွာအနီးမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဘက်က ရုပ်အလောင်းနဲ့ လက်နက်တွေရရှိခဲ့ပြီး တပ်မတော်ဘက်က ဒဏ်ရာရရှိတာ အနည်းအကျဉ်းရှိတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က RFA ကို ပြောပါတယ်။
"ထုတ်ပြန်ခြင်း၊ မထုတ်ပြန်ခြင်းတော့ ကျွန်တော်ဘာမှတော့ မှတ်ချက်မပေးလိုတော့ဘူး။ ဖြစ်တာကတော့ မနေ့ည ၂၀ ရက်နေ့၊ ၂၁ ရက်နေ့ကတော့ လက္ကာနားမှာဖြစ်တဲ့ တိုက်ပွဲတော့ရှိတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ အလောင်းလက်နက်ရတာတွေရှိတယ်။ ဒါကတော့ ကျွန်တော်ပြောထားပြီးသားပေါ့နော်။ ကျွန်တော်တို့ဆီက ဒဏ်ရာရတာ အနည်းအကျဉ်းရှိတယ်။ ဒါကလွဲလို့ ကျွန်တော်တို့ဆီက လက်နက်တွေ ပစ္စည်းတွေပါတယ်ဆိုတာ မရှိဘူးဗျ"
လက္ကာရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ သူတို့နေအိမ်တွေ နဲ့ လယ်တွေ စိုက်ပျိုးထားတာ ရိတ်သိမ်းရတော့မှာဖြစ်တဲ့အတွက် သွားရောက်ကြည့်ချင်ပေမယ့် မကြည့်ရဲဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက္ကာရွာသူ တစ်ဦးက ပြောပါတယ်။
ရွာကိုတော့သွားချင်တယ် သူတို့ရှိနေတော့ ကျွန်မတို့ မသွားရဲဘူး
"လက္ကာရွာမှာ တပ်မတော်က တပ်စွဲပြီးနေနေတယ်။ ရွာထဲ ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာမှာ လူတစ်ယောက်မှ မရှိတာက တပတ်လောက်ရှိပြီ။ သူတို့က ဝင်နေတာကတော့ လေး၊ ငါးရက်လောက်ရှိပြီ တပ်မတော်က။ ကျွန်မတို့က ကိုယ့်အိမ် ကိုယ့်ရွာကို ပျက်စီးတယ် မပျက်စီး ဘူးဆိုတာ သွားကြည့်ချင်တယ်။ အဲဒီမှာ လယ်တွေ ဘာတွေလုပ်ထားတယ်။ စပါးတွေ ဘာတွေကို ကျွန်မတို့က သိမ်းရတော့မယ်။ ရွာကိုတော့သွားချင်တယ်၊ သူတို့ရှိနေတော့ ကျွန်မတို့ မသွားရဲဘူး"
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကတော့ အခုလို တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြေစာပင် ဖြစ်နေရတဲ့အကြောင်းနဲ့ နှစ်ဖက်အဖွဲ့အစည်းတွေက သဘောထားကြီးပြီး အပစ်အခတ်ရပ်မယ်ဆိုရင်တော့ ဒေသခံတွေအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ယာမှာ မိသားစုနဲ့အတူ နေနိုင်မယ်လို့ ပြောပါတယ်။
"ဒေသခံတွေဟာ မြေစာပင်ဖြစ်နေရတဲ့ အနေအထားမှာ ရှိပါတယ်။ နှစ်ဖက်အဖွဲ့အစည်းတွေက သဘောထားကြီးပြီးတော့ အပစ်အခတ် ရပ်စဲမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ကိုယ့် လယ်ယာလုပ်ငန်းခွင်ကိုလည်း စိတ်ချလက်ချဝင်လို့ရမယ်။ ပြီးတော့ ကိုယ့်အိမ်၊ ကိုယ့်ယာမှာလည်း ကိုယ့်မိသားစုနဲ့ အတူတကွနေနိုင် မယ်ပေါ့နော်"
အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အဲဒီရွာအနီးမှာ နှစ်ဖက်တိုက် ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ထွက်ပြေးရင်းနဲ့ စက်လှေမှောက်ပြီး ဝေသာလီရွာက ၁၃ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးနဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မနေ့က အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မင်းပြားမြို့နယ်တို့က ရွာတချို့ကို လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ကလေးတွေအပါအဝင် ဒေသခံအရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလလောက်ကနေ ဒီနေ့အထိ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရတာ ၁၃၀ ကျော်အထိ ရှိလာနေပြီလို့ ဒေသခံတွေ ပြောပါတယ်။