သွေးထိုးစည်းရုံးမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတာလို့ ဝမ်ပေါင်ကုမ္ပဏီ ပြောကြား


2014.12.29
lpt-wanpaung-305.jpg ဆည်တည်းရွာမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က ဝမ်ပေါင် ကုမ္ပဏီဝန်ထမ်းတွေ ခြံစည်းရိုးခတ်နေကြစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသခံ တောင်သူအများစု စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေးထားပေမဲ့ နောက်ကွယ်ကနေ စည်းရုံးသွေးထိုးပေးနေသူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရတာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နောက်ကွယ်က စည်းရုံးသွေးထိုးပေးနေသူတွေဟာ ဝမ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြသူတွေ အတွက် နေ့တွက်စရိတ် ငွေ ၈ ထောင် ထုတ်ပေး တာတွေလည်းရှိတယ်လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးမန်နေဂျာ မစ္စတာ ဝမ်ရင်ဖီးက RFA ကို ပြောပါတယ်။

"အဓိကအကြောင်းရင်းကျတော့ သူတို့နောက်မှာ စည်းရုံးတဲ့လူရှိတယ်၊ နိုင်ငံရေးသမားတွေ အဖွဲ့ အစည်းတွေလာပြီးတော့ စည်းရုံးတယ်၊ သွေးထိုး တယ်၊ အဲ့ဒါကြောင့် သူတို့အမြဲတမ်း ဆန္ဒလာပြတာ၊ အများစုက ကျနော်တို့ စီမံကိန်းကိုလက်ခံတယ်၊ ကျနော် တို့လည်း ပေးထားတဲ့ ဒီပေါ်လစီတွေကို သူတို့က အကုန်လုံးသဘောကျတယ်လေ၊ မြေယာထောက်ပံ့ကြေးတို့ အလုပ်အကိုင်ထောက်ပံ့ကြေးတို့၊ အဓိက အကြောင်းရင်းက သူတို့က ဒီဟာနောက်က ကြိုးဆွဲတဲ့လူရှိလို့၊ စည်းရုံးတဲ့လူရှိလို့ အဲ့လိုဖြစ်တာပါ၊ သူတို့က ဆန္ဒပြတဲ့အခါကျရင် ဓါတ်ပုံရိုက်ထားတယ်လေ၊ အစိုးရလည်း ဓါတ်ပုံရိုက်ထားတာပဲ၊ ပဋိပက္ခဖြစ်တဲ့အခါ ကျလို့ရှိရင်လည်း သူတို့ိုပိုက်ဆံပေးတယ်လို့ပြောတယ်၊ ဝမ်ပေါင် ဝန်ထမ်း ခြံစည်းရိုးခတ်တဲ့အခါကျလို့ရှိရင် သူတို့ဝိုင်းပြီးတော့ ဆန္ဒပြမယ်ဆိုရင် ကျနော်တို့သတင်းရတာ တစ်ယောက်ကို ရှစ်ထောင်ပေးမယ်တဲ့၊ အဲ့လိုမျိုးတွေလုပ်တာရှိတယ်"

လက်ပံတောင်းဒေသ ဆည်တဲကျေးရွာသူ မဝင်းဝင်းဌေးကတော့ ဝမ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြတာဟာ လယ်ယာမြေတွေကို ကာကွယ်ဖို့သာဖြစ်ပြီး၊ နေ့တွက်စားရိတ်မရရှိဘူးကြောင်း ပြောပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကို စီမံကိန်းရုပ်သိမ်းပြီး မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိပေမဲ့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် စီမံကိန်းရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လျော်ကြေးမယူတဲ့ လယ်ယာမြေတွေပေါ်မှာ ခြံစည်းရိုးခတ်နေတာဟာလည်း ငှားရမ်းထားတဲ့ ဧက ၆၇၀၀ ပေါ်မှာ တရားဝင်လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာသာဖြစ်ကြောင်း၊ ဖျက်ဆီးခံရတဲ့ သီးနှံတွေအတွက်လည်း လျော်ကြေးပေးအပ်သွားမှာဖြစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီက ပြောပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ စီမံခန့်ခွဲရေးမန်နေဂျာ မစ္စတာ ဝမ်ရင်ဖီးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။