ဝမ်ပေါင်ကုမ္ပဏီဝင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ
2023.03.25
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်း လုပ်နေတဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ လက်နက်ကိုင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဆားလင်းကြီး Special Task Force က မတ်လ ၂၅ ရက် မနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။
ကိုယ်တိုင်လုပ် ဒရုန်းလေယာဉ်ငယ်ထဲမှာ အင်အားပြင်းဗုံး နှစ်လုံးထည့်ပြီး ကုမ္ပဏီဝင်းထဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့တာဝန်ခံ ကိုဖိုးဇေက RFA ကိုပြောပါတယ်။
ဒီဆားလင်းကြီး Special Task Force အဖွဲ့က တိုက်ခိုက်ခဲ့လို့ ဝမ်ပေါင်ကုမ္ပဏီဘက်က အပျက်အစီး ဘာတွေရှိခဲ့လဲဆိုတာကို ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
တရုတ် ဝမ်ပေါင်ကုမ္ပဏီဟာ သူတို့ဝင်းထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို စခန်းချခွင့်ပေးထားပြီး အထောက်အပံ့တွေပေးနေတယ်လို့ ဒေသခံ PDF တွေက ပြောဆိုနေကြပါတယ်။
အဲဒီမှာ စစ်တပ်က စခန်းချပြီး နီးစပ်ရာတွေကို တိုက်ခိုက်နေလို့ ဒေသခံရွာသားတွေ ထွက်ပြေးနေရတာလည်းရှိပါတယ်။
ဒါကြောင့် PDF တွေဘက်က အဲဒီကုမ္ပဏီကို ခြိမ်းခြောက်တိုက်ခိုက်တာတွေရှိနေပါတယ်။ ဒီတစ်ခါမှာတော့ ဒရုန်းသုံးပြီး စက်ရုံဝင်းထဲထိ ဗုံးကြဲခံရတာပါ။
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီစီမံကိန်းတွေဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဖြစ်လို့ အကာအကွယ်ပေးသွားမယ်လို့ ပြောထားဖူးပါတယ်။