၀ိုင်းမော်မြို့နယ် ခတ်ချိုရွာ လက်နက်ကြီးပစ်ခတ်ခံရမှု သေဆုံးသူ ရှစ်ဦးအထိရှိလာ

RFA Burmese
2024.05.23
၀ိုင်းမော်မြို့နယ် ခတ်ချိုရွာ လက်နက်ကြီးပစ်ခတ်ခံရမှု သေဆုံးသူ ရှစ်ဦးအထိရှိလာ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒဏ်ရာရရှိခဲ့သည့် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာမှ အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ကြစဉ်။
Kachin News Group

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ခတ်ချိုရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေရတဲ့အထဲက အမျိုးသမီးနှစ်ဦး ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိလာပြီလို့ ဒေသခံတွေက မေလ ၂၃ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မေလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ထပ်မံသေဆုံးခဲ့တာလို့ ခတ်ချိုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမနေ့ကျတဲ့ဥစ္စာက နှစ်ယောက်ထပ်ဆုံးတယ်၊ ဆေးရုံတက်တဲ့အထဲက အမျိုးသမီးနှစ်ယောက်။ ဒေါ်တင်မာနဲ့ ဒေါ်မြင့်ဌေး နှစ်ယောက် ဆုံးတာ။ ဒေါ်မြင့်ဌေးက ၂၂ ရက်နေ့ဆုံးတာ၊ ဒေါ်တင်မာက ၂၃ ရက်နေ့ ဆုံးတာ”

မေလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုမှာ ကလေးတွေ အပါအဝင် ခြောက်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့တာပါ။ လက်ရှိမှာတော့ သေဆုံးသူ ရှစ်ဦးအထိတိုးလာပြီး ဒဏ်ရာရသူက ၁၇ ဦးကတော့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး ခတ်ချိုရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမရှိဘူးလို့ မေလ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာကတစ်ဆင့် ဖော်ပြပါတယ်။

ခတ်ချိုရွာမှာ အိမ်ထောင်စု ၁၉၀၀ ကျော်နဲ့ လူဦးရေ တစ်သောင်းကျော်နေထိုင်ပြီး လက်ရှိတိုက်ပွဲတွေကြောင့် လူငါးထောင်နီးပါးက ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် အဲဒီရွာမှာ လူဦးရေ တစ်ထောင်ခန့် ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုရှိပြီး သူတို့ကတော့ ထွက်ပြေးတိမ်းရှောင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။