ဝ အဖွဲ့ကို နားလည်မှုလွဲမှားတဲ့ အတွက် တောင်းပန်ထားကြောင်း အစိုးရပြော
2016.09.04

၂၁ ရာစုပင်လုံညီလာခံကနေ UWSA ၀ အဖွဲ့ထွက်ခွာသွားတာဟာ နားလည်မူလွဲမှားမူဖြစ်တဲ့ အတွက် တောင်းပန်ကြောင်းနဲ့ နောက်ထပ်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံတက်ရောက်နိုင်ဖို့ NCA လမ်းကြောင်း အတိုင်းသွားမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ၂၁ရာစု ပင်လုံညီလာခံကနေ ဘာကြောင့် ထွက်ခွာသလဲဆိုတာနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအပေါ် အစိုးရရဲ့ သဘောထားကို မေးမြန်းရာမှာ ဦးဇော်ဌေးက အခုလို ပြောပါတယ်။
"၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ဦးပေါက်ယူချန်းဆီ လိပ်မူပြီး ဖြစ်သွားတဲ့အစီအစဉ် အတွက် တောင်းပန်တဲ့ စာလွှာကို ကျွန်တော်တို့ ပေးပို့ ခဲ့ပါတယ်။ သူတို့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကတော့ စိတ်မကောင်းဖြစ်ရတယ်၊ နောက်နောင်မှာ ဒီလိုမျိုးခံစားချက်တွေ မဖြစ်ရအောင် ပိုပြီးဂရုစိုက် ရမယ်ဆိုတာ ကျွန်တော်တို့ ညီလာခံပြီး ပြုလုပ်တဲ့ ပြန်လည်သုံးသပ်ရေး အစည်းအဝးမှာ ပြောကြဆိုကြ လုပ်ခဲ့ကြပါတယ်"
UWSA ၀ အဖွဲ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၁ ရာစုပင်လုံညီလာခံက ထွက်ခွာခဲ့တာဟာ ညီလာခံ အစီအစဉ် တရားမျှတမူမရှိတာနဲ့ ပွင့်လင်းမြင်သာမူ မရှိတာကြောင့်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီလို ထွက်ခွာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြုလုပ်တဲ့ ပင်လုံညီလာခံကို ထောက်ခံကြောင်းနဲ့ ငြိမ်းချမ်းရေးကို လိုလာကြောင်း ပြောထားပါတယ်။
၀ အဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးစာချုပ်တွေ လက်မှတ်ထိုးပြီးဖြစ်တဲ့အတွက် လက်ရှိအစိုးရအဖွဲ့ရဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေးကော်မရှင်နဲ့ နှစ်ဖက် တိုက်ရိုက်ဆွေးနွေးပြီး နိုင်ငံရေး သဘောတူစာချုပ်ရယူလိုတယ် လို့ ပြောထား ပါတယ်။
ဦးဇော်ဌေးက ၀ အဖွဲ့အနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ နှစ်ဖက်သဘောတူစာချုပ်လက်မှတ်ရေးထိုးထားရင် NCA စာချုပ် လက်မှတ်ရေးထိုးဖို့ မလိုဘူးဆိုတဲ့ သဘောထားရှိနေတာဖြစ်တဲ့အတွက် NCA ကို လက်မှတ်ရေးထိုးဖို့ လိုအပ်မှာဖြစ်ကြောင်း ဆွေးနွေးမယ်လို့ ပြောပါတယ်။ ရှေ့လာမယ့် ညီလာခံတွေကျင်းပရေး အတွက် ကြိုတင် ပြုလုပ်မယ့် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဝအဖွဲ့ကို ထပ်မံဖိတ်ကြားသွားမယ် လို့ ပြောပါတယ်။
၀ အဖွဲ့က ညီလာခံကို တင်သွင်မယ့် စာတမ်းမှာပါဝင်တဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုမူနဲ့ ပတ်သက်ပြီး ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တင်ပြ ချက်တွေနဲ့ အတူ မှတ်တမ်းတင်ပြီး ပြည်သူလူထုကို နိုင်ငံ ပိုင်မီဒီယာတွေကဆင့် ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။