လေ့လာသူကတ်ပြားသာ ထုတ်ပေးတာကြောင့် မျက်နှာပူရလို့ ဝ အဖွဲ့ပြော


2016.09.01
wa-goback-620.jpg ၂၁ ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာလ ၁ ရက်နေ့က ညီလာခံကို ဆက်မတက်တော့ ဘဲ ပြန်လည်ထွက်ခွါသွားစဉ်
Photo: Ko Khin Mg Win

၂၁ ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညီလာခံကို ဆက်မတက်တော့ဘဲ ထွက်ခွာသွားပါတယ်။

အစိုးရဘက်က လေ့လာသူအဖြစ် အသိအမှတ်ပြုတဲ့ ဝင်ခွင့်ကတ်ပြားသာ ထုတ်ပေးတာကြောင့် ညီလာခံမှာ မျက်နှာပူရကြောင်း UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲွ့ခေါင်းဆောင် ဦးညီရမ်းက ပြောပါတယ်။

ညီလာခံကနေ ထွက်ခွာသွားတဲ့အတွက် အာအက်ဖ်အေက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ဦးညီရမ်း က အခုလို ပြောပါတယ်။

"ကျနော်တို့ စဝင်တဲ့နေ့ကတည်းက ပထမဦးဆုံးပြောပြီးပြီ၊ ကတ်ဝေပေးကတည်းက လေ့လာသူ အနေနဲ့ ပြော၊ ပြောတော့သူတို့က လဲပေးမယ်လဲပေးမယ်ဆိုပြီး ညအထိလည်း လဲမပေးဘူး၊ မိုးလင်း လို့ နောက်ရက်ထပ်တက်တော့လည်း ဒီဘက်ဝင်မရ ဟိုဘက်ဝင်မရ၊ ဟိုမှာသွားမရ၊ ထမင်းစားတော့လည်း မျက်နှာပူနေရတာ၊ ကန့်သတ်ချက်တွေကလည်း အမျိုးမျိူးပဲ"

ဝအဖွဲ့ ညီလာခံကနေ ထွက်ခွာသားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ သတင်းမီဒီယာတွေကို ရှင်းပြရာမှာ ညီလာခံ ပူးတွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးခင်ဇော်ဦးက နားလည်မှု လွဲတာဖြစ်ကြောင်း ပြောပါတယ်။

"Dinner မစခင်မှာပေါ့ အဲဒီအချိန်မှာကတ်ရတော့ ကတ်ပေးမယ်ဆိုတော့ ခင်ဗျားတို့ပဲ ကိုင်ထား လိုက်ပါ၊ ကျနော်တို့ မယူသေးပါဘူးဆိုပြီး သူတို့ပြောပါတယ်။ ဒါလေ့လာသူကတ်ကိစ္စပေါ့၊ ဒါကတော့ ကျနော် ယူဆတာတော့ Misunderstanding ဖြစ်တာပေါ့"

ဝအဖွဲ့ဟာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တနေရာတည်းမှာ တည်းခိုတာ မဟုတ်ဘဲ သူတို့အစီအစဉ်နဲ့သာ တည်းခိုတာဖြစ်တယ်လို့ ဦးခင်ဇော်ဦးက ပြောပါတယ်။

၂၁ ပင်လုံညီလာခံမှာ တက်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၂ဝဝ လောက်ရှိပြီး စုစုပေါင်းတက်ရောက်သူ ၁၄ဝဝ လောက်ရှိပါတယ်။

အဲ့ဒီညီလာခံကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ကိုယ်စားလှယ် ၉ ဦး ညီလာခံကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။