စစ်ရေးတင်းမာမှုကြောင့် မိုင်းလား က ရွှေ့ပြောင်း အလုပ်သမား တချို့ နေရပ်ပြန်
2016.10.25

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ ၄ မှာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ စစ်ရေးတင်းမာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမား တချို့ နေရပ်ပြန်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်မှာတော့ ပုံမှန်သွားလာနေကြပြီး စစ်ရေးတင်းမာနေတယ်ဆိုတဲ့သတင်းတွေကြောင့် ပြည်မဘက်က လာရောက်အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့တော့ ပြန်ကုန်ကြတယ်လို့ မိုင်းလားမြို့မှာ ၃ နှစ် ကေျာ် ဈေးရောင်းနေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံဈေးသည်တစ်ဦးက ပြောပါတယ်။
''ပုံမှန်ကတော့ အေးဆေးပါပဲ၊ ဧည့်သည်တွေကတော့ ပြန်ကြတာပေါ့၊ ဧည့်သည်ဆိုတာ ပြည်မကနေ လာပြီး အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့ကတော့ကြောက်ကြတာပေါ့ ၊ ပျော်ဘွယ်တို့၊ ရမည်းသင်းတို့ မြန်မာပြည်အရပ်ရပ်ကပေါ့၊ သူတို့လည်း နည်းနည်းစိုးရိမ်ပြီးတော့ သွားကြတာပေါ့၊ အလုပ်လည်း နည်းနည်းပါးတာလည်းပါတယ်၊ အလုပ်လည်းပါးတဲ့အခါကျတော့ မထူးဘူးဆိုပြီး ဆိုင်ကယ်စီးပြီး ပြန်ကြတာပေါ့၊ ဒီမှာကျတော့လွတ်လပ်တယ်လေ၊ သိပ်ပြီးတော့ မတင်းကျပ်ဘူး၊ မြို့ထဲမှာနေတဲ့ ဒေသခံတွေ ရှမ်းတို့ကတော့ ပုံမှန်ပဲလေ''
ကျိုင်းတုံကနေ မိုင်းလားကိုသွားတဲ့လမ်းက တာပင်းစုပေါင်းဂိတ်ကိုလည်း လက်ရှိမှာ ပိတ်ထားတဲ့အတွက် သွားလာလို့တော့ မရဘူးလို့ ပြောပါတယ်။
ဝ တပ်ဖွဲ့က တပ်စွဲထားတဲ့နေရာတွေဟာ မိုင်းလားမြို့ပြင်က တောင်ကုန်းတွေမှာဖြစ်ပြီး ခုချိန်ထိတော့ ပစ်ခတ်သံတွေ မရှိဘူးလို့ ပြောပါတယ်။
မြို့ထဲမှာတော့ မိုင်းလားမြို့ရဲ့ ရုံးလုပ်ငန်းယန္တရားတွေ ပုံမှန်လုပ်ကိုင်နေကြပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေ ပုံမှန်လည်ပတ်နေတာ တွေ့နေရတယ်လို့လည်း ပြောကြပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ ၄ နယ်မြေအတွင်းမှာရှိတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ရဲ့ တပ်စခန်းတွေကို မနေ့က နောက်ဆုံးထားရုပ်သိမ်းဖို့ အစိုးရတပ်မတော်၊ တြိဂံတိုင်းစစ်ဌာနချုပ်က ညွှန်ကြားထားတာ ဖြစ်ပါတယ်။