"ဝ" နယ်မြေ သန်းခေါင်စာရင်းကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ
2013.09.15
လာမယ့် ၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတစ်ခုဖြစ်တဲ့ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကောက်ယူမယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်းမစဉ်းစားဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
လာမယ့်နှစ် ဧပြီလမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ လွှတ်တော်အဆောက်ဦးထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းခဲ့တာကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလို ဖြေကြားခဲ့တာပါ။
"ဝ ဒေသရော၊ မိုင်းလားရော၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရော ကျနော်တို့ကောက်မှာဖြစ်ပါတယ်၊ သူတို့နေရာတွေမှာလည်း အခုလိုကောက်တယ်ဆိုရင် ကောက်ကွက်ကိုစဉ်းစားတဲ့အခါမှာ တချို့နေရာတွေမှာ မြေပုံသွားဆွဲတာ အခက်အခဲဖြစ်တယ်ဆိုရင် ရွာလိုက်ရွာလိုက် ဒီရွာသည်ကောက်ကွက်တစ်၊ ဒီရွာသည်ကောက်ကွက်နှစ်စသဖြင့် အဲလိုကောက်မှာပါ၊ ဒါကိုလည်း အကြမ်းဖျင်းအားဖြင့် သူတို့လက်ခံပြီးဖြစ်ပါတယ်၊ ခုနကပြောသလို စစ်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားနေတယ်၊ တခြားကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားနေတယ်ဆိုရင် နည်းနည်းလေးတွန့်တွန်ဆုတ်ဆုတ်ဖြစ်မှာ၊ ကျနော်တို့ပြောတာကို နားလည်သွားတာနဲ့အမျှ တော်တော့်ကိုအလုပ်ဖြစ်မှာ၊ ထပ်ပြီးတော့ သွားရှင်းပြဖို့ရှိသေးတယ်"
ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သန်းခေါင်းစာရင်းကောက်ယူနိုင်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းလုပ်ကိုင်သွားမှာဖြစ်တယ်လို့ ဝန်ကြီးဦးခင်ရီက ပြောပါတယ်။
သန်းခေါင်စာရင်းကောက်ယူမယ့်နေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့သူတွေကို အခြားလူမျိုးစာရင်းထဲမှာ ထည့်သွင်းကောက်ယူသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို အမေရိကန်ဒေါ်လာ သန်း ၅ဝ ကျော် အသုံးပြု ပြီး လာမယ့် ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်နေထိ ၁၂ရက်ကြာပြုလုပ်သွားမယ်လို့ သိရပါတယ်။