VPN သုံးရင် အရေးယူမယ်လို့ တရုတ် အာဏာပိုင်တွေ ကြေညာ
2024.05.31

တရုတ်နိုင်ငံအတွင်းမှာ အင်တာနက် အသုံးပြုတဲ့နေရာကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) ဆော့ဖ်ဝဲ အသုံးပြုသူတွေကို အရေးယူမယ်လို့ တရုတ်နိုင်ငံ အာဏာပိုင်တွေက မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားတယ်လို့ တရုတ်နယ်စပ်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ဒီထုတ်ပြန်ချက်တွေကို မြန်မာ-တရုတ်နယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ မြန်မာ-တရုတ်နှစ်ဘာသာနဲ့ ကပ်ထားတာလို့ မူဆယ်နယ်စပ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အဓိက Facebook ကို သုံးမရအောင်ပေါ့ဗျာ။ သူတို့သုံးနေတဲ့ We Chat တို့လို ဆိုရှယ်ပလက်ဖောင်းကို ပိုသုံးစေချင်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ကျားဖျန့် (အွန်လိုင်း ငွေလိမ်ဂိုဏ်း) ပေါ့ ဒါကိုလည်း ထိန်းချုပ်ချင်လို့ဖြစ်မယ်”
တရုတ်နိုင်ငံမှာ VPN ကို တရားမဝင်အဖြစ် သတ်မှတ်ထားပြီး ပြည်ပ Website တွေကိုကြည့်ဖို့ လက်ကိုင်ဖုန်းတွေမှာ VPN ဆော့ဖ်ဝဲ ထည့်ထားတာတွေ့ရင် တရုတ်ယွမ် တစ်သောင်းခွဲ (မြန်မာငွေ သိန်းတစ်ရာနီးပါး) ဒဏ်ရိုက်မှာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
VPN ကို အသုံးပြုပြီး တရားမဝင် ဝင်ငွေရ လုပ်ငန်းလုပ်ကိုင်ရင် ပစ္စည်းတွေကို သိမ်းယူမှာဖြစ်သလို VPN သုံးပြီး Video တွေ ကြည့်တာ၊ မှတ်ချက်တွေ ပြန်လည်မျှဝေတာလုပ်တဲ့သူတွေနဲ့ VPN ဆော့ဖ်ဝဲ အရောင်းအဝယ်လုပ်တဲ့ သူတွေကိုလည်း အရေးယူမယ်လို့ ဖော်ပြပါတယ်။
ဒီကန့်သတ်ချက်ကို တရုတ်နိုင်ငံ ပြစ်မှုဆိုင်ရာ ဥပေဒေ၊ ငြိမ်ဝပ်ပိပြားရေးဆိုင်ရာ ဥပေဒေ၊ တရုတ်နိုင်ငံ ကွန်ရက်လုံခြုံရေးဆိုင်ရာ ဥပဒေတွေအရ ထုတ်ပြန်တာလို့ တရုတ်အာဏာပိုင်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ကြောင့် တရုတ်နိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပိုပြီးသတိထားဖို့လိုတယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက မှတ်ချက်ပြုပါတယ်။
“တရုတ်မှာက သူ့နိုင်ငံသားတွေက Facebook သုံးတာနည်းတယ်။ ဒီကနေသွားတဲ့ မြန်မာနိုင်ငံသားတွေပဲ သုံးတာများကြတာ။ ပြီးတော့ မြန်မာနိုင်ငံမှာလည်း Facebook ကို VPN ခံပြီး သုံးရတာမလား။ ပိုသတိထားဖို့ လိုတာပေါ့။ ဒါက သူတို့ ဖမ်းစရာ အကြောင်းတစ်ခုဖြစ်လာတာ”
မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ဖို့ တန်းစီနေတဲ့ မြန်မာနိုင်ငံသား နှစ်ထောင်ဝန်းကျင် နေ့စဉ်လိုလိုရှိနေပြီး တရုတ်နိုင်ငံဘက်ကလည်း နေထိုင်ခွင့် သက်တမ်းလွန်ပြီး အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို နေ့စဉ်နီးပါး ဖမ်းဆီးနေတယ်လို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။