မဲစာရင်း အမှားများပေမယ့် မဲပေးဖို့အရေးကြီးကြောင်း ဦးတင်ဦး ပြောကြား
2015.10.03

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေမှာ အမှားများနေပေမယ့် လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့ အရှေ့ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အသိပညာပေးဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက တိုက်တွန်းပြောကြား လိုက်တာ ဖြစ်ပါတယ်။
"ဒီမဲစာရင်းနဲ့ပတ်သက်လို့က ဘယ်လိုပဲမှားသည်ဖြစ်စေ ထုတ်ပယ်သော်လည်းပဲ ကျနော်တို့ဟာ ကိုယ်ပေးရမယ့်မဲတစ်ခုကို ပေးနိုင်ဖို့အရေးကြီးပါတယ်၊ ပေးခွင့်ရှိရင်တော့ ပေးနိုင်ဖို့အရေးကြီးပါတယ်၊ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါကို ပေးနိုင်ဖို့အတွက်ပဲ လုံးပမ်းဖို့ပဲ ကျနော်ဆောင်ရွက်နေရခြင်းပဲဖြစ်ပါတယ်"
လာမယ့်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလောမြို့ကနေ ဝင်ရောက်အရွေးချယ် ခံမယ့်သူတွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းခင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးကျော်မင်းနဲ့ ဦးကြည်လှိုင်တို့ ဖြစ်ပါတယ်။
ဒီကနေ့ ဟောပြောပွဲကို ဒေသခံပြည်သူ ၅ဝဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။ သူရဦးတင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲအတွက် လှည့်လည်ဟောပြောခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်ကိုလည်း သွားရောက်ဟောပြောမှာဖြစ်ပါတယ်။