ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေ ကို လေ့လာ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ဟာ ဖေဖေါ်ဝါရီလ ၅ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီလောက်က မြစ်ကြီးနားမြို့ ကို ရောက်ရှိလာပြီး မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်း ၄ ခုကို လေ့လာခဲ့ကြပါတယ်။

2013.02.05
vjay_nambia_visits_kachin_refugee_camp_305.jpg ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်း ၄ ခုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားက ဖေဖေါ်ဝါရီ ၅ ရက်နေ့ မနက်တွင် လာရောက်ကြည့်ရှုခဲ့စဉ်
Photo: RFA/Kyaw Myo Min

နေ့လည်ပိုင်းမှာတော့ မြစ်ကြီးနား မြို့တော်ခန်းမမှာ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ဒေသခံလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ့တွေ့ဆုံပွဲမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယားက

"ကချင်ပြည်နယ်ခရီးစဉ်ဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လတ်တလော အခြေအနေမှာ ပဋိပက္ခတွေ ပြေလျော့စပြုနေပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဆုံးကူညီပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်"လို့ မစ္စတာ ဗီဂျေးနမ်ဘီယား က ပြောခဲ့ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း အခုလို ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ တစ်ဖက်ကတိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေကို ကျနော်တို့က အခွင့်အရေးတွေပေးပြီးတော့ ဒီလိုငြိမ်းချမ်းရေးလည်း မဟုတ်ပါဘူး၊ ဘာအခွင့်အရေးမှ မပေးဘူး၊ ပြီးခဲ့တဲ့ ၁၀ ဖွဲ့ မနေ့တနေ့က နောက်ဆုံးတွေ့ခဲ့တဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့အဖွဲ့နဲ့ ကျနော်တို့ တွေ့တာပါ၊ ခင်ဗျားတို့ဘာပေးမလဲ ဒီလိုလည်းမဟုတ်ဘူး၊ ကျနော်တို့အပေးအယူတစ်ခုမှမရှိဘူး။ ငြိမ်းချမ်းရေးက ပြည်သူအတွက်ကောင်းတယ်၊ ခင်ဗျားလုပ်မလား၊ မလုပ်ဘူးလား၊ လုပ်ရင် ကျနော်တို့လုပ်ကြမယ်၊ ဒီသဘောနဲ့ ကျနော်တို့ ကေအဲန်ယူ၊ ရှမ်း၊ ကယား၊ ချင်း၊ ရခိုင် စသဖြင့် ဒီအဖွဲ့တွေနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ပြည်ထောင်စုဝန်ကြီး တို့အဖွဲ့ဟာ မြစ်ကြီးနားမြို့မှာရှိတဲ့ ဂျန်မိုင်ကောင်းနဲ့ စီတာပူရပ်ကွက်၊ ဆွတ်ငိုင်တောင် နှစ်ချင်းအသင်းတော်တွေက ကယ်ဆယ်ရေးစခန်းတွေ၊ ဝိုင်းမော်မြို့နယ်က သာဂရသရက်တော ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ မိုင်းနား စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းလေးခုမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး နေ့လည် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။