မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး


2014.04.02
nambiar-305.jpg မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ကေအိုင်အိုနှင့် အစိုးရဆွေးနွေးပွဲကို တက်ရောက်လာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ကို အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ ဒီနေ့ သွားရောက်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စတွေမှာ ဖြစ်နိုင်တဲ့အခန်းကဏ္ဍကနေ ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ တွေ့ဆုံဆွေးနွေး ကြမှာဖြစ်တယ်လို့ ခရီးစဉ်ကို လိုက်ပါသွားတဲ့ မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

"မစ္စတာ နမ်ဘီးယားက KIO ဗဟိုကော်မတီဝင်တွေ နဲ့ တွေ့မှာပါ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သူတို့ ပါဝင်ခဲ့တယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေး ကြမှာပါ၊ NCCT အစည်းအဝေးအမှီ ဖြစ်နိုင်တဲ့အခန်းကဏ္ဍနဲ့ ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ လာရောက်တာပါ"

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မစ္စတာ နမ်ဘီးယားဟာ လိုင်ဇာမြို့ကိုသွားဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ သွားရောက်နိုင်တာလို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေ သူ ဖြစ်ပါတယ်။

အခု လိုင်ဇာခရီးစဉ်ဟာ သူ့ရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။