ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေကြောင်း KIA ပြော

RFA Burmese
2024.05.19
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေကြောင်း KIA ပြော နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ခလရ (၁၂၃) တပ်ရင်းမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KIA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းတွေဖြစ်တဲ့ ခလရ (၃၂၁) နဲ့ ကဇူးယန်တပ်စခန်းအနီးမှာ မေလ ၁၉ ရက်ဒီနေ့အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

ဒါ့အပြင် မေလ ၁၈ ရက်နေ့ တစ်ရက်တည်းမှာ ဝိုင်းမော်-လိုင်ဇာ ကားလမ်းမပေါ် ရွှေညောင်ပင်ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ပူပေါင်းအထိုင်ချထားတဲ့ တပ်စခန်း၊ အောင်မြေ (၁) နဲ့ အောင်မြေ (၂) ရွာက တပ်စခန်း၊ ခရှီနဲ့ အင်းလေးရွာက တပ်စခန်းအပြင် ဝထောင်ဘွမ်၊ ဘင့်ပူကောင့်၊ ဆမ်ပိုင်၊ လိုင်ဖောင်နဲ့ ဒိန်ဂါတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က တပ်စခန်းကြီးတွေ လက်မလွှတ်ရဖို့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခုခံနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"ပြောရရင်တော့ မနေ့က သိမ်းဆည်းခံရတဲ့အထဲမှာ ဝထောင်ဘွမ်တစ်ခုပဲ အကြီးပါတာ။ သူကတောင်ပေါ်မှာ ကျွန်တော်တို့ရဲ့ တပ်ရင်း (၃) နဲ့ အနီးမှာရှိတာပေါ့။ ကျန်တာတွေကတော့ ကာကင်းစခန်းလို အသေးလေးတွေပါ၊ စစ်ကောင်စီဘက်ကလည်း အသည်းအသန် ခုခံနေပါတယ်"

ဒါ့အပြင် မြစ်ကြီးနားမြို့မှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကလည်း တိုက်ပွဲရှိရာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေနဲ့အတူ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရထားပေမဲ့ အရေအတွက် အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လူနေရပ်ကွက်တွေအထိ ပစ်ခတ်နေတာကြောင့် တိုက်ပွဲဧရိယာနဲ့ မလွတ်ကင်းတဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာမှာ ရွှေ့ပြောင်းနေထိုင်ကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်အတွင်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အနေနဲ့ ဆယ်စုနှစ်တစ်ခုအကြာ လက်လွှတ်ခဲ့ရတဲ့ စခန်းတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းစတဲ့ တပ်စခန်းတစ်ရာနီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။