တောင်ကြီးတန်ဆောင်တိုင်ပွဲလာသူအားလုံး မှတ်ပုံတင်နဲ့ဓာတ်ပုံ ပေးရ
2023.11.22

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းကိုလာတဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအပြင် တောင်ကြီး တန်ဆောင်တိုင်ပွဲကို လာလည်ကြသူတွေအားလုံး မှတ်ပုံတင်မိတ္တူ အရှေ့အနောက်နဲ့ လူဓာတ်ပုံကိုပါရိုက်ပြီး စစ်ကောင်စီထံ ပို့ပေးရတယ်လို့ တောင်ကြီးမြို့ခံတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေက ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲစမယ့် နိုဝင်ဘာလ ၂၁ နေ့မတိုင်ခင် နို၀င်ဘာ ၁၉ ရက်နေ့မှာမှ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီဘက်က စတင်လက်ခံခဲ့ပြီး မီးပုံပျံပွဲလာသူတွေနဲ့အတူ အခုလို အချက်အလက်တွေ ပို့ပေးနေရတာလို့ ဆိုပါတယ်။
ကယားဘက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့အပါဝင် ရွာတွေမှာ လက်မခံကြဖို့ စစ်ကောင်စီက ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့တာရှိပြီး အခုမှလက်ခံတာလို့ ဒေသခံတွေက ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ တောင်ကြီးမြို့၊ ဆက်ဆံရေးရုံးဒုတာဝန်ခံ ဗိုလ်ကြီးခွန်တီးလားကလည်း စစ်ဘေးဒုက္ခသည်တွေအပြင် ဧည့်သည်တွေအားလုံးပါ ပို့ပေးရတယ်လို့ RFA ကို ပြောပါတယ်။
"အခုတော့ ရှမ်းပြည်နယ်ကလည်း ၁၉ ရက်နေ့စပြီး စစ်ဘေးရှောင်တွေကို လက်ခံနေပြီလို့ ကြားပါတယ်။ PNLO ကလည်း ဆီဆိုင်ဘက်နဲ့ တောင်ကြီးဘက်မှာ လက်ခံထားပါတယ်။ ကျပ်ကျပ်တည်းတည်းတော့ ရှိတာပေါ့။ ဒုက္ခသည် ဘယ်လောက် အထိ ရှိတယ်တော့ စာရင်းအတိအကျ မသိရသေးဘူး။ ဧည့်စာရင်းတိုင်ရတာကတော့ တောင်ကြီး တန်ဆောင်တိုင်ကို လာလည်ကြတဲ့ ဧည့်သည်တွေလိုပါပဲ။ သူတို့ သတ်မှတ်ထားတဲ့အတိုင်းပေါ့"
နေဖို့ထိုင်ဖို့ ဒုက္ခရောက်နေသူတွေအတွက် အကူအညီပေးရေးအဖွဲ့ဖွဲ့ပြီး ပအိုဝ်းဒေသမှာ လက်ခံပေးထားဖို့လည်း (PNLO) က နိုဝင်ဘာလ ၁၇ ရက်နေ့မှာကတည်းက ထုတ်ပြန်ကြေညာထားတယ်လို့ ဆိုပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာလ ၂၁ နေ့ကနေ ၂၇ နေ့အထိ ကျင်းသွားမှာဖြစ်ပြီး အဲဒီ ခုနစ်ရက်အတွင်း ဟိုတယ်မှာလာတည်းတဲ့ ဧည့်သည်အားလုံးရဲ့ အချက်အလက်ကို စစ်ကောင်စီထံ မဖြစ်မနေပို့ပေးရမှာလို့ တောင်ကြီးမြို့မှာရှိတဲ့ ဟိုတယ်ဝန်ထမ်းတွေက RFA ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့ (KHAI) ရဲ့ စာရင်းအရ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးစတင်ခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်ကနေ နိုဝင်ဘာ ၁၉ အထိ ကယားနဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ကြောင့် ထိခိုက်သေဆုံးရသူ ခြောက်ဆယ်ကျော်ရှိပြီလို့ ဖော်ပြထားပါတယ်။