အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒ အစိုးရ ကျေနပ်
2014.08.08

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နိုင် ငံခြားရေးမူဝါဒကို ကျေနပ်ကြောင်း နိုင်ငံတော်သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက် ပါတယ်။
နေပြည်တော်မှာကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံဒေသအတွင်း ဖိုရမ်စတင်ကျင်းပတဲ့ အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဝန်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့ပါတယ်။
"တခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံရေးကိုတော့ ကျနော်တို့က သွားပြီး ညှိနှိုင်းဆောင်ရွက်လို့မရဘူး၊ သို့သော် ကျနော်တို့က ဘာကိုတော့လုပ်လို့ရသလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကို အမေရိကန်နိုင်ငံက ပိုပြီးတော့ နားလည်လာအောင် လုပ်ပေးမှာပါ၊ ယေဘူယျအားဖြင့်ပြောရင်တော့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်မှာထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အသိအမှတ်ပြု ပြီးတော့ ကူညီတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ ယေဘူယျအားဖြင့် ကျေနပ်ပါတယ်၊ တစ်ဖက် ကတော့ အမေရိကန် ကွန်ဂရက်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိတယ်ဆိုတာ ကျနော်တို့သိပါတယ်၊ ဒီလိုစိုးရိမ်ပူပန်မှုတွေ ပျောက်သွားနိုင်ဖို့အတွက် ဒီကိုရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ကျနော်တို့ ရှင်းပြဖို့ရှိသလို့၊ အမေရိကန်လွှတ်တော်အမတ်တွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေချင်တယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ ရှင်းပြဖို့အသင့်ရှိပါတယ်"
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာလူမျိုး အမေရိကန်နိုင်ငံသားတစ်ဦးကို အစိုးရက ပြန်လည်ပို့ဆောင်လိုက်တဲ့အပေါ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။
"ဦးမောင်မောင်ဝမ်းကိစ္စက တကယ်တော့ သူကတကယ်တော့ ဗီဇာသက်တမ်းကျော်နေလို့၊ ဗီဇာသက်တမ်း တိုးတယ်ဆိုတာလည်း လွယ်ကူတဲ့ကိစ္စပဲ ဒါပေမဲ့ အဲဒါကိုမလုပ်ပဲနဲ့ သက်တမ်းတိုးနေတဲ့အတွက်ကြောင့် ကျနော်တို့က မလွဲမရှောင်သာ သူ့ကိုပြန်ပို့ရတယ်၊ ဒါကသူ့ကို ပြန်မလာဖို့တားတာမဟုတ်ဘူး၊ ဒီသက်တမ်းကုန်တဲ့အခါကျတော့ ဘယ်သူပဲဖြစ်ဖြစ် တခြားနိုင်ငံခြားသားဆိုလည်း ကျနော်တို့ကထုတ်တာပဲ၊ အဲလိုထုတ်တဲ့ နိုင်ငံခြားသားတွေလည်းရှိပါတယ်"
အာဆီယမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပြီး ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။