"ဝ" အဖွဲ့ တင်ပြချက်အပေါ် နှစ်ဖက်ညှိနှိုင်းမယ်လို့ ဦးဇော်ဌေး ပြော
2018.07.14

NCA စာချုပ်ပါ အချက်တွေကို ပြင်ဆင်ခွင့်နဲ့ သဘောမကျရင် နုတ်ထွက်ခွင့်ပေးမယ်လို့ အစိုးရနဲ့ တပ်မတော်က စာနဲ့ ကတိပေးနိုင်ရင် NCA လက်မှတ်ထိုးဖို့ စဉ်းစားမယ်လို့ UWSA "ဝ" အဖွဲ့က တင်ပြထားတဲ့အပေါ် နှစ်ဘက်ညှိနှိုင်း သွားမယ်လို့ အစိုးရအဖွဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
UWSA "ဝ" အဖွဲ့က အစိုးရနဲ့ တပ်မတော်ကို တင်ပြထားတဲ့ နုတ်ထွက်ခွင့်ဆိုတဲ့ ကိစ္စဟာ NCA စာချုပ်မှာ မပါဝင်တဲ့အချက်ဖြစ်တယ်လို့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့အပြီး မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရအဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်ဌေးက ပြောပါတယ်။
"NCA မှာပြင်ဆင်ဖို့ ထွက်လို့ရတယ်ဆိုတဲ့ဟာ မပါဘူး၊ ထွက်လို့မရဘူးဆိုတဲ့ဟာလည်း မပါဘူး၊ NCA ပုဒ်မ ၂၇ မှာ ဘာပါလဲဆိုရင် NCA က လွှမ်းခြုံနိုင်ခြင်းမရှိတဲ့ ကိစ္စတွေပေါ်ပေါက်လာရင် ဆိုလိုချင်တာကတော့ တကယ်လို့ NCA မှာ တိတိကျကျမပါတဲ့ဟာတွေဖြစ်လာရင် နှစ်ဖက်ပေါ့နော် NCA ထိုးတဲ့အဖွဲ့နဲ့ အစိုးရနဲ့ နှစ်ဖက်ညှိနှိုင်း သွားမယ်လို့ပဲ ပါရှိပါတယ်"
NCA စာချုပ်ပါ ပုဒ်မ ၂၇ အရ အဲဒီစာချုပ်မှာ မပါဝင်တဲ့ အကြောင်းအရာတွေနဲ့ လွှမ်းခြုံနိုင်မှုမရှိတဲ့ ကိစ္စတွေကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ အစိုးရတို့အကြား နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ပါရှိကြောင်း မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အကျေအလည် ရှင်းပြခဲ့ရတယ်လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UWSA ၊ KIA ၊ SSPP/SSA ၊ မိုင်းလား စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေဟာ ဇူလိုင်လ ၁၂ ရက်နေ့က သီးခြားတွေ့ဆုံခဲ့ပါတယ်။ အလားတူ ကိုးကန့်အဖွဲ့၊ တအာင်း ပလောင်အဖွဲ့ TNLA နဲ့ AA ရခိုင်အဖွဲ့တိုနဲ့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံခဲ့ပါတယ်။
UWSA "ဝ" အဖွဲ့ဟာ လက်ရှိကျင်းပနေတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြဖို့ ယူဆောင်လာတဲ့ သူတို့အဖွဲ့ရဲ့ စာတမ်းကို မနေ့က သတင်းထောက်တွေကို ဖြန့်ဝေခဲ့ပါတယ်။
အဲဒီစာတမ်းမှာ အစိုးရနဲ့ တပ်မတော်ဘက်က NCA စာချုပ်ကိုပြင်ဆင်လို့မရဘူးဆိုတဲ့ သဘောထားဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးဖို့အတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
UWSA "ဝ" အဖွဲ့က NCA ကို ပြင်ဆင်ရေး သဘောထားကို ဆွဲကိုင်ထားရတာဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အဲဒီလိုဖြစ်ရတာဟာလည်း NCA မှာပါတဲ့ စစ်ရပ် စဲရေးပုဒ်မတွေဟာ မူလကတည်းက ချွတ်ယွင်းချက်တွေရှိနေလို့ဖြစ်ကြောင်း ပြောပါတယ်။
မြောက်ပိုင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ သဘောထားနဲ့ အစိုးရရဲ့ သဘောထားတွေ ညှိနှိုင်းလို့ ရသွားရင်တော့ အခြေအနေကောင်းတွေ ရလာနိုင်ပါတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းကအဖွဲ့တွေ မနေ့က တွေ့ဆုံပွဲအပြီးမှာ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောပါတယ်။
ဒါ့အပြင် အစိုးရဘက်က Bi-literal ခေါ် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်မထိုးရသေးတဲ့ AA ရခိုင်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန်တို့နဲ့လည်း တစ်ဖွဲ့ချင်းစီပဲဖြစ်စေ တွေ့ဆုံဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က မနေ့က ပြောခဲ့ပါတယ်။
အဲဒီမြောက်ပိုင်းအဖွဲ့ ၃ ဖွဲ့ဘက်က လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ဦးစွာကြေညာမှသာ အစိုးရနဲ့ တပ်မတော်ဘက်က ဆွေးနွေးမယ်လို့ အရင်က ပြောခဲ့တာတွေရှိပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ မြောက်ပိုင်းက အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ဒီနေ့ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။